မန်ယူအသင်းမှ ဆီဗီလာအသင်းသို့ ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ခဲ့သူ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်က ပွဲကစားခွင့်ရရေးအတွက် အသင်းပြောင်း ရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ပြီး အနာဂတ်အတွက် ဆုံးဖြတ်ချက်မချမှတ်ရသေးကြောင်းလည်း ပြောကြားခဲ့သည်။
ဆီဗီလာအသင်းသည် မာစီယဲလ်ကို ခေါ်ယူရန်အတွက် ပြီးခဲ့သည့်လများကတည်းက ကြိုးပမ်းခဲ့ပြီး အငှားစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် မာစီယဲလ်သည် ပရိသတ်များအတွက် အထူးလက်ဆောင်ဟု အသင်း Twitter တွင် ရေးသားခဲ့သည်။
ယခုအငှားအပြောင်းအရွှေ့တွင် အပြီးသတ်ခေါ်ယူမည့်အချက် မပါဝင်သလို၊ ဆီဗီလာအသင်းအနေဖြင့် အငှားခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေးလည်း ပေးချေရမည်မဟုတ်ကြောင်း သိရသည်။

သို့သော် ဆီဗီလာအသင်းသည် မာစီယဲလ်၏ လစာကို အပြည့်အဝပေးချေရမည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ မာစီယဲလ်သည် မန်ယူအသင်းတွင် တစ်ပတ်လစာ ပေါင် ၂၆၀,၀၀၀ ရရှိနေသူဖြစ်ပြီး ဆီဗီလာအသင်းသို့ ပြောင်းရွှေ့နိုင်ရန်အတွက် လစာငွေလျှော့ယူခဲ့သည်ဟု သတင်းများက ရေးသားခဲ့ကြသည်။
“ကျွန်တော် ငါးလသက်တမ်းနဲ့ ပူးပေါင်းနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ အနာဂတ်ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ မသိနိုင်ပါဘူး။ ဒါဟာ ငွေကြောင့်လည်း မဟုတ်ပါဘူး။ ဘောလုံးကစားရတာကို ပျော်ရွှင်ကြည်နူးမိပါတယ်။ ဒါက ဒီအသင်းကို ကျွန်တော် ဘာကြောင့်ရွေးချယ်ခဲ့သလဲ ဆိုတာပါပဲ။ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ထပ်မံကစားချင်ပါတယ်။ ပွဲတွေများစွာကစားပြီး ကျွန်တော် ဘာလုပ်နိုင်သလဲဆိုတာကို ပြသချင်ပါတယ်။ ဆီဗီလာက ဒါကို လုပ်ဖို့အတွက် ကောင်းမွန်တဲ့နေရာလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဂိုးတွေ သွင်းချင်သလို၊ ဖန်တီးမှုတွေလည်း ပြုလုပ်ပေးပြီး လာမယ့်ငါးလအတွင်းမှာ ဒီအသင်းအတွက် စွမ်းစွမ်းတမံ ပေးဆပ်ချင်ပါတယ်။ ဆီဗီလာအသင်းမှာ ကစားသမားကောင်းတွေ များစွာရှိပါတယ်။ ဒီအသင်းထံ ကျွန်တော့်ရဲ့အတွေ့အကြုံတွေ သယ်ဆောင်လာမှာပါ” ဟု မာစီယဲလ်က ပြောကြားခဲ့သည်။
မာစီယဲလ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲထွက် ကစားခွင့်နှစ်ပွဲအပါအဝင် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ကစားခဲ့ရပြီး တစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့ကြောင်း သိရသည်။