မန်ယူနောက်ခံလူ လုခ်ရှောက မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးအသင်းအနေဖြင့် နောက်တစ်ကြိမ် တစ်ရာသီအတွင်း ဖလား (၃) လုံးမရအောင် တားဆီးသွားမည်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက ပရီးမီးယားလိဂ်၊ FA ဖလားနှင့် ချန်ပီယံလိဂ်ဖ လားများကို ရရှိခဲ့ပြီး အင်္ဂလန်တွင် မန်ယူပြီးနောက် ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် ဒုတိယမြောက် အသင်းဖြစ်လာခဲ့သည်။
ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်း ဖလား (၃) လုံး ကိုင်မြှောက်သည့်ကို မြင်ရသည်မှာ အလွန်နာကျင်ရကြောင်းလည်း လုခ်ရှောက ပြောကြားခဲ့သည်။

လုခ်ရှောက “မန်စီးတီး အသင်း တစ်ရာသီအတွင်း ဖလား (၃) လုံးရတာက ကျွန်တော့်တို့ကို ပိုပြီးကြိုးစားချင်စိတ်ဖြစ်အောင် တွန်းအားပေးပါတယ်။ ဒါပေမဲ့ တကယ်တမ်းဝန်ခံရမယ်ဆိုရင် သူတို့ ဖလား (၃) လုံးကိုင်မြှောက်တာကို မြင်ရတာက ကျွန်တော်တို့အတွက် အရမ်းနာကျင်ရပါတယ်။ အထူးသဖြင့် မန်စီးတီးအသင်းက အင်္ဂလန်ကစားသမားတွေနဲ့ လက်ရွေးစင်အသင်းမှာ တွေ့တဲ့အခါ ပိုနာကျင်ရပါတယ်။ မန်စီးတီးအနေနဲ့ အဲဒီလိုအောင်မြင်မှုရနေတာကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ သူတို့နောက်တစ်ကြိမ် အခုလိုလုပ်နိုင်အောင် ကျွန်တော်တို့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ မန်စီးတီးကို ဒုက္ခ ပေးသွားမှာပါ။ သူတို့ ဒီလိုအောင်ပွဲခံနေတာကို ကျွန်တော်တို့ လက်မခံပါဘူး”ဟု ပြောကြားခဲ့သည်။