ချဲလ်ဆီး အသင်းရဲ့ နည်းပြသစ် ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုဟာ မနေ့ကပဲ ကော့ဘ်ဟမ်းမှာ အလုပ် စလုပ်ခဲ့ပြီး ၊ ဇွန်လ ၁၇ရက်နေ့မှာ စတင်မယ့် အမေရိကန် ခရီးစဉ် အတွက် ကြိုတင် အစီအစဉ် ရေးဆွဲမှုတွေ စတင်ခဲ့သလို ၊ သူ့ရဲ့ ချဲလ်ဆီး နည်းပြ ဘဝ ပထမဆုံး မိတ်ဆက် အင်တာဗျူးလည်း ဖြေခဲ့ပါတယ် ။
ယင်းအင်တာဗျူးမှာ ပိုချက်တီနိုက ချဲလ်ဆီးရဲ့ အောင်မြင်မှု သမိုင်းကြောင်းနဲ့ ဆက်စပ်ပြီး ခြင်္သေ့ပြာတို့ဟာ လွန်ခဲ့တဲ့ ၁၅နှစ် ကာလ အတွင်း အကြီးကျယ်ဆုံး ကလပ် အဖြစ် ရပ်တည်ခဲ့ကြောင်း မှတ်ချက်ပေးသွားပါတယ် ။
ပိုချက်တီနို က ” ဒီကလပ်ရဲ့ ဓလေ့ထုံးစံက အရေးကြီးတယ်လို့ ထင်ပါတယ် ။ ဒါက အောင်မြင်တဲ့ ဓလေ့ထုံးတမ်း ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၀နှစ် ၊ ၁၂နှစ် ၊ ၁၅နှစ် အတွင်း ချဲလ်ဆီးဟာ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံး ကလပ်ပါ ။ ကျွန်တော်ဟာ ပရီးမီးယားလိဂ်နဲ့ ချဲလ်ဆီးရဲ့ ဓလေ့ထုံးစံ အကြောင်း ကောင်းကောင်း သိထားပါတယ် ။ ”

” အောင်မြင်မှုတွေ ဆွတ်ခူးမယ့် လမ်းကြောင်းပေါ် တဖန် ပြန်တက်လာဖို့ ကြိုးစာနေတဲ့ အပေါ် ကျွန်တော်တို့ရဲ့ ပရိသတ်တွေ စိတ်လှုပ်ရှားနေကြမယ်လို့ ထင်ပါတယ် ။ ဟုတ်ပါတယ် ။ ကျွန်တော်တို့လည်း စိတ်လှုပ်ရှားနေကြပါတယ် ။ ကျွန်တော်တို့ဟာ အသက် အရမ်း ငယ်ရွယ်တဲ့ အသင်းနဲ့ အလုပ်လုပ်ဖို့ စိတ်လှုပ်ရှားနေကြပါတယ် ။ ”
” ဒါက အတိတ်က ချဲလ်ဆီးနဲ့ ကွာခြားတဲ့ ချဉ်းကပ်မှုပါ ။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး နားလည်ထားရမှာက ကျွန်တော်တို့ အနေနဲ့ ပြင်းပြင်းထန်ထန် အလုပ် ကြိုးစားရမှာ ဖြစ်သလို ၊ နောက်အနှစ် အနည်းငယ်မှာ တိုးတက်လာမယ့် အသင်း အတွက် လေ့ကျင့်ရေးကွင်းမှာ အရမ်းကောင်းတဲ့ ပတ်ဝန်းကျင် တခု ဖန်တီးရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အသက် ၅၁နှစ် အရွယ်ရှိ ယင်းအာဂျင်တိုင်းသားဟာ အခုလို ချဲလ်ဆီး နည်းပြ ရာထူးကို စတင် တာဝန်မယူမီ ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန် ၊ တော့တင်ဟမ် အသင်းတွေကို တာဝန်ယူ ကိုင်တွယ်ခဲ့ပါသေးတယ် ။ အထူးသဖြင့် တော့တင်ဟမ်ဟာ ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီ ပြိုင်ဖက်တွေ ဖြစ်တာကြောင့် ပိုချက်တီနို ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတာက တော့တင်ဟမ် ပရိသတ် အချို့ အတွက် မနှစ်မြို့စရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ် ။

သို့ပေမယ့် ပိုချက်တီနို က ချဲလ်ဆီး နည်းပြ ရာထူးကို လက်ခံရတာ သူ့အတွက် လွယ်ကူခဲ့ကြောင်းကို ” ကျွန်တော့ အတွက်တော့ ချဲလ်ဆီး အသင်းနဲ့ အတူ အလုပ်လုပ်ရမှာ ၊ ချဲလ်ဆီးရဲ့ အစီအစဉ်တွေမှာ ပါဝင်ရမယ့် အပေါ် ဝမ်းမြောက် ဂုဏ်ယူမိပါတယ် ။ ကျွန်တော်တို့ အရမ်း စိတ်လှုပ်ရှားနေကြပါတယ် ။ ကျွန်တော်ဟာ ချဲလ်ဆီး အကြောင်း ကောင်းကောင်း သိထားပါတယ် ။ ဒါဟာ ကမ္ဘာ့ အကြီးကျယ်ဆုံး ကလပ် တသင်း ဖြစ်ပါတယ် ။ ”
” ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီကို ပြောင်းရွှေ့လာဖို့ လွယ်လွယ်ကူကူနဲ့ ဆုံးဖြတ်ချက် ချနိုင်လိုက်တာ ဖြစ်ပါတယ် ။ ဒီနေ့ ကော့ဘ်ဟမ်းမှာ အလုပ် စလုပ်ရလို့ ၊ ဒီက လုပ်ဖော်ကိုင်ဖက်သစ်တွေနဲ့ တွေ့ဆုံရလို့ ကျွန်တော်တို့ အရမ်း ပျော်ရွှင်နေကြပါတယ် ။ ”
” ဒါက ကျွန်တော်တို့ အတွက် စိတ်လှုပ်ရှားစရာကောင်းပြီး ၊ ကျွန်တော်တို့ အလိုရှိတာက ဒီကြီးကျယ်တဲ့ ဘောလုံး အသင်းကို ပျော်ရွှင်မှုတွေ ပြန်ရအောင် ယူဆောင်လာပေးဖို့ပဲ ဖြစ်ပါတယ် ။ ကျွန်တော်တို့ အလုပ် ပြင်းပြင်းထန်ထန် ကြိုးစားသွားမှာ ဖြစ်သလို ၊ ပရိသတ်တွေ နှစ်ခြိုက်မှု ရှိစေမယ့် ကစားပုံမျိုးနဲ့ ကစားသွားမှာပါ ။ ”
” ချဲလ်ဆီးရဲ့ သမိုင်းကြောင်းဟာ အောင်မြင်မှု ရဖို့ ဖြစ်ပေမယ့် ဒီလို အောင်ပွဲတွေ အတွက် လမ်းကြောင်းဖောက်နိုင်ဖို့ကလည်း အရေးကြီးပါတယ် ။ ကျွန်တော်တို့ စိတ်လှုပ်ရှားနေကြတယ် ၊ ပျော်ရွှင်နေကြတယ် ၊ ဒီက လူတွေ အားလုံးကို အထူး ကျေးဇူးတင်နေကြပါတယ် ။ ”
” ဟုတ်ပါတယ် ။ တော့ဒ် ( ဘိုလီ ) ၊ ဘာဒက် ( အဂ်ဘာလီ ) ၊ ဟိုဆေး ( ဖယ်လီဆီယာနို ) တို့နဲ့ တခြားသော သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ဒီကနေ့မှာရော ၊ ကော့ဘ်ဟမ်းကို မရောက်လာသေးခင် ရှေ့ရက် အနည်းငယ်မှာပါ ကျွန်တော်တို့ကို တကယ် နွေးနွေးထွေးထွေးနဲ့ ကြိုဆိုတဲ့ နေရာကနေ စရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။