ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာသည် ၀ါရင့်ဘရာဇီးလ်နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်ကို ခေါ်ယူပြီးနောက် တိုက်စစ်မှူးဟောင်း မက်ဆီနှင့် ကွင်းလယ်လူဟောင်း အင်နီယေစတာတို့ကို ထပ်မံခေါ်ယူရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုအပေါ် ငြင်းဆန်ခြင်း မရှိကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် နည်းပြသစ် ဇာဗီ၏ ပထမဆုံးခေါ်ယူမှုအဖြစ် အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် ကစားသမားဟောင်း ဒန်နီအဲလ်ဗတ်စ်ကို ပြန်လည်ခေါ်ယူထားပြီး ဗုဒ္ဓဟူးနေ့က နူးကမ့်ကွင်း၌ မိတ်ဆက်ပွဲအခမ်း အနားပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် မက်ဆီနှင့် အင်နီယေစတာတို့ကို ထပ်မံခေါ်ယူရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုအပေါ် လာပေါ်တာက “ဒါကို ကျွန်တော်ငြင်းလို့မရပါဘူး။ ဒန်နီအဲလ်ဗတ်စ်ကို ခေါ်ယူဖြစ်တာ သူက အခြေအနေတွေကိုမြင်ပြီးတော့ ကူညီပေးချင်လို့ပါ။ သူလုပ်ပေးတဲ့ ငွေကြေးပိုင်း အနစ်နာခံမှုအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သူက ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အရာတွေကနေ အချိုးအကွေ့ဖြစ်အောင် ကူညီပေးချင်တာပါ။ လီယိုနဲ့ အင်နီယေစတာက အရမ်းထူးချွန်တဲ့ ကစားသမားနှစ်ယောက်ပါ။ အနာဂတ်ကို ကျွန်တော်မခန့်မှန်းနိုင်ပါဘူး။ သူတို့က တခြားကလပ်တွေနဲ့ စာချုပ် ချုပ်ထားတာကြောင့် ကျွန်တော်တို့ ဒါကို လေးစားမှုရှိရပါမယ်။ ဒါပေမဲ့ ဘဝမှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး” ဟု ဖြေကြားခဲ့သည်။
အဲလ်ဗတ်စ်သည် ဘာစီလိုနာအသင်း တွင် ၂၀၀၈ မှ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်တွင် ကစားခွင့်မရသေးဘဲ ဇန်နဝါရီမှသာ မှတ်ပုံတင်ခွင့်ရမည်ဖြစ်သည်။ ၎င်းသည် အင်နီယေစတာဝတ်ဆင်ခဲ့သည့် နံပါတ် ၈ ဝတ်ဆင်ကစားမည်ဖြစ်သည်။