နိုဝင်ဘာ(၂၀)ရက်မှာ စတင်မယ့် ကမ္ဘာ့ဖလားကျင်းပချိန်က တဖြည်းဖြည်းနဲ့ နီးကပ်လာနေပါပြီ။ ပြိုင်ပွဲဝင်အသင်းတွေထဲက အသင်းကြီးတွေရဲ့ ချန်ပီယံအလားအလာနဲ့ မျှော်လင့်ချက်ကို အပတ်စဉ်ဖော်ပြသွားမှာဖြစ်ပြီး အခုတစ်ပတ်မှာ ရေပန်းအစားဆုံး ဘရာဇီးလ်အသင်းအကြောင်း တင်ဆက်လိုက်ပါတယ် . . .
အဝါရောင် ဆမ်ဘာတေးသွား
ဘရာဇီးလ်နဲ့ပတ်သက်ရင် ပထမဆုံးဝိုးတဝါး မှတ်မိနေတာ ၁၉၉၄ ကမ္ဘာ့ဖလားပါပဲ။ သူတို့နဲ့ တိုက်ရိုက်ဆက်နွယ်ပြီး မှတ်မိနေတာမဟုတ်ဘူး။ အပြာရောင်အီတလီကို စတင်စွဲလမ်းစိတ်နဲ့ မမေ့နိုင်စရာဘရာဇီးလ်အကြောင်း အမှတ်ရနေမိတာ။ ပိုနီတေးလ်ဆံပင်နဲ့ ဘက်ဂီယို လွဲချော်သွားတဲ့ ပယ်နယ်တီဟာ အသက် (၆)နှစ်ကျော်ကောင်လေးရဲ့ နှလုံးအိမ်ထဲ ခေတ်ဟောင်းရုပ်ရှင်တစ်ကားလိုပဲ။ ဘက်ဂီယို ပယ်နယ်တီလွဲချော်ပြီးနောက် သူတို့ဂိုးသမား တက်ဖာရယ်ဟာ ဒူးထောက်ချလိုက်ပြီး လက်နှစ်ဘက်ကို ကောင်းကင်ဆီဆန့်တန်းရင်း အောင်ပွဲခံလိုက်တယ်။ ဘရာဇီးလ်တဲ့၊ ခေတ်အဆက်ဆက်အရည်အသွေးမြင့်ထုတ်ကုန်တွေ မွေးထုတ်ပေးနိုင်ရာ အရပ်ဒေသ၊ ၁၉၉၄ ကမ္ဘာ့ဖလားမှာ ကျွန်တော် မကြည်ဖြူခဲ့တဲ့ ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလားဆိုရင် အမြဲတမ်းဘုရင်တစ်ပါးပဲ။ ချန်ပီယံဆုကို (၅)ကြိမ်ဆွတ်ခူးထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။ အခုအချိန်အထိလည်း ကမ္ဘာ့အဆင့် (၁)နေရာ သိမ်းပိုက်ထားဆဲပဲ။ ရွှေရောင်မျိုးဆက်ကလည်း တသွင်သွင်စီးဆင်းနေဆဲပဲ။