မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ကို နောက်မှ လိုက်ဖျက်သော ကိစ္စနှင့်ပတ်သက်၍ ဘာဆာခံစစ်မှူးကွန်ဒီသည် ပြစ်ဒဏ်ကျူးလွန်ခြင်းဖြစ်ကြောင်း မန်ယူအနေဖြင့် ဖရီးကစ်ရသင့်ကြောင်း ရက်ရှ်ဖို့နှင့် မန်နေဂျာ တန်းဟက်တို့က ပြောဆိုလိုက်သည်။
ပွဲချိန် ၆၄ မိနစ် မန်ယူက ၂-၁ ဖြင့်အသာရနေချိန်တွင် ဖာနန်ဒက်စ်က မန်ယူခံစစ်ကစားနေရရာမှ ထုတ်ပေးလိုက်သော ဘောလုံးကို ရက်ရှ်ဖို့က အမြန်ဆွဲပြေး၍ ထိုးဖောက်ခဲ့သည်။ ကွန်ဒီသည် ရက်ရှ်ဖို့နောက်မှ နေ၍ ဘောလုံးလိုက်ဖျက်ရာမှ ဘာဆာပင်နယ်တီဧရိယာရောက်ကာနီးတွင် ကွန်ဒီ၏ခြေထောက်နှင့် ရက်ရှ်ဖို့တို့ ထိမိပြီး မန်ယူတိုက်စစ်မှူးလဲကျသွားခဲ့သည်။ ရက်ရှ်ဖို့နှင့် တန်းဟက်အပါအဝင် မန်ယူဘက်တော်သားများက ဖရီးကစ်တောင်းသော်လည်း ဒိုင်ကပွဲကို ဆက်ကစားစေခဲ့ပြီး ပြစ်ဒဏ်ဘောပေးခြင်း မရှိဖြစ်ခဲ့သည်။ ထိုကိစ္စကို ကန့်ကွက်ပြောဆိုသည့် မန်နေဂျာတန်းဟက်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသတိပေးခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ရက်ရှ်ဖို့က “ဒီပွဲအတွက် အလှည့်အပြောင်းဖြစ်နိုင်တဲ့ အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ စည်းကြပ်ဒိုင်ရော ကွင်းလယ်ဒိုင်ရောက ဘာကြောင့်ကျွန်တော်ချော်လဲသွားတာလဲဆိုတာကို မသိကြဘူးဆိုတာ နားမလည်နိုင်ဖြစ်ရပါတယ်။ ကွန်ဒီကို ကျော်ဖြတ်ဖို့ ဘောလုံးကို တို့ပြီး ထွက်လိုက်ပြီးသားပါ။ ကျွန်တော့်ခြေထောက်က ရှေ့ကို ရောက်သွားပြီ။ သူက ကျွန်တော့်ခြေထောက်ကို ထိလိုက်တာပါ။ ရှင်းရှင်းလင်းလင်းကို ထိလိုက်တာသေချာပါတယ်။ ကျွန်တော့်အတွက်ကတော့ ၁၀၀ ရာခိုင်နှုန်းသေချာတဲ့ ပြစ်ဒဏ်ဘောပဲဖြစ်ပါတယ်”ဟု ပြောဆိုလိုက်သည်။

ရက်ရှ်ဖို့သည်နောက်ဆုံးကစားသည့် ၄ ပွဲတွင် ၄ ဂိုးသွင်းထားနိုင်သလို မန်ယူအတွက်နောက်ဆုံးကစားသည့် ၁၆ ပွဲတွင်လည်း ၁၄ ဂိုးသွင်းထားသည်။ ရက်ရှ်ဖို့သည် မန်ယူ၏ အဓိက တိုက်စစ်လက်နက်ဖြစ်ကြောင်း ဘာဆာ အသင်းသားများကို အနီရောင်အဆင့် သတိပေးထားကြောင်း ဇာဗီးက ပွဲမစမီပြောဆိုခဲ့ပြီး တကယ်ကစားသည့် အခါတွင်လည်း ဘာဆာနောက်တန်းက ရက်ရှ်ဖို့ကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရသည်။

တန်းဟက်က လည်း ကွန်ဒီ ဝင်ဖျက်သည့် အလုံးသည် ပြစ်ဒဏ်ဘောပေးသင့်သည်ဟု ယူဆကြောင်း ကွင်းအတွင်းဖိအားများက ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်အပေါ် ဖိအားတစ်ခုရှိနေသည်ထင်ကြောင်း ပွဲအပြီးတွင် ပြောဆိုလိုက်သည်။ “ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က ပွဲကို အများကြီး အကျိုးသက်ရောက်မှု ရှိသွားတယ်။ ကွန်ဒီက ရက်ရှီ (ရက်ရှ်ဖို့)ကို ပြစ်ဒဏ်ကျူးလွန်လိုက်တာ သေချာပါတယ်။ ရက်ရှ်ဖို့က ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့ရတော့မှာဆိုတော့ အနီကတ်တောင် ပြသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်က အများကြီး အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောတာပါ။ ဒိုင်အနေနဲ့ ဒီလို အမှားမျိုး မလုပ်သင့်ပါဘူး”ဟု တန်းဟက်က ပြောဆိုလိုက်သည်။