ချဲလ်ဆီး အသင်းဟာ တမြန်နေ့ကပဲ ရန်းနက်စ် အသင်းရဲ့ ပြင်သစ် ဆယ်ကျော်သက် ကွင်းလယ်လူ လက်စ်လီ အူဂိုချူကူကို ပေါင် ၂၃.၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး ၊ နောက်တရက် အကြာမှာပဲ မိုနာကို အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး အိတ်ဆဲလ် ဒီဆာဆီကို ပေါင် ၃၈သန်းနဲ့ ခေါ်ဖို့ သဘောတူညီမှု ရသွားပြန်ပါတယ် ။
ဒါတွေက နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ၊ ဒေးဗစ် အွန်းစတိန်းတို့ရဲ့ အတည်ပြုချက် ရထားပြီး ဖြစ်တာကြောင့် ချဲလ်ဆီးဖက်က ယင်းကြယ်ပွင့်တွေကို ခေါ်ယူကြောင်း တရားဝင် ထုတ်ပြန်ကြေညာဖို့သာ လိုပါတော့တယ် ။
အူဂိုချူကူဟာ ချဲလ်ဆီး စီနီယာ အဆင့်မှာ တန်းပြီး ကစားခွင့် ရချင်မှ ရနိုင်မှာ ဖြစ်ပေမယ့် ၊ ဒီဆာဆီကတော့ ပြင်းထန်တဲ့ ဒူးအရွတ် ဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူထားရပြီး ကာလရှည် နားရမယ့် လက်ရွေးစင် အသင်းဖော် ဝက်စ်လေ ဖိုဖာနာရဲ့ နေရာမှာ တိုက်ရိုက် အစားဝင်ဖို့ ရှိပါတယ် ။

ယနေ့ မနက်က ကစားသွားတဲ့ summer series နောက်ဆုံး ခြေစမ်းပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ သတင်းထောက်တွေက ယင်းပြင်သစ်စတား ၂ဦးကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ၊ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက အခုလိုပဲ တုန့်ပြန်ဖြေကြားခဲ့ပါတယ် ။
ပိုချက်တီနို က ” ခင်ဗျားတို့က ကျွန်တော့ထက်တောင် ပိုသိနေကြပါတယ် ။ ဝက်စ်လေ ကာလရှည် ဒဏ်ရာ ရနေတာကြောင့် ကျွန်တော်တို့ဟာ အဲဒီ နေရာကို အင်အားဖြည့်တင်းဖို့ လိုကောင်းလိုနေတာ သိသာပါတယ် ။ ကွင်းလယ်မှာ အတွေ့အကြုံရှိ ကစားသမားတွေ ကျွန်တော်တို့ လိုအပ်ပါတယ် ။ ”
” ပြင်သစ်က ကြားရတဲ့ သတင်းတွေ အရတော့ ခေါ်တော့မယ် ဆိုတဲ့ ကစားသမား ( အူဂိုချူကူ ) က အငှားထွက်ရနိုင်တယ်ဆိုတာပါပဲ ။ ( ကစားသမားသစ် ဘယ်လောက် ဖြည့်တင်းမလဲ ဆိုတာ ) ကျွန်တော် မသိပါဘူး ။ ဘာလို့လဲဆိုတော့ အရေအတွက် တခုခု ကျွန်တော် ထုတ်ပြောလိုက်ရင် ပြဿနာ တခုခု ဖန်တီးလိုက်သလို ဖြစ်သွားနိုင်လို့ပါ ။ ”

” ကျွန်တော့ အတွက် ဒါက အရေးကြီးပါတယ် ။ ကလပ်ဖက်ကလည်း နေရာတိုင်းကို အင်အားဖြည့်ပေးနိုင်ဖို့ ၊ တိုးတက်အောင် လုပ်ပေးနိုင်ဖို့ အမှန်တကယ် ပြင်းပြင်းထန်ထန် ကြိုးစားနေကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချဲလ်ဆီးရဲ့ summer series ရာသီကြို ခြေစမ်းပွဲဟာ ယနေ့မနက်က ဖူလ်ဟမ်နဲ့ ပွဲအပြီး အဆုံးသတ်သွားသလို ၊ ရမှတ် ၇မှတ်နဲ့ ခြင်္သေ့ပြာတို့ ချန်ပီယံသွားပါတယ် ။ ဒီပွဲမှာ ခရစ်တိုဖာ အန်ကွန်ကူ တဂိုး ထပ်သွင်းခဲ့သလို ၊ ပွဲထွက်တိုက်စစ်မှူး ဖြစ်နေတဲ့ နီကိုးလက်စ် ဂျက်ဆင်ကလည်း ဒုတိယပိုင်းမှာ လူစားဝင် ကစားသွားပါတယ် ။
ရာသီကြို ကာလ အတွင်း လက်ရှိ ချဲလ်ဆီး တိုက်စစ်ဟာ အတော်လေး ကျေနပ်စရာ ကောင်းနေပေမယ့် ၊ ပိုချက်တီနိုကတော့ စျေးကွက် ပိတ်ဖို့ တလကျန်သေးတဲ့ အတောအတွင်း အခွင့်သာခဲ့ရင်တော့ တိုက်စစ်ပိုင်းကို အင်အားထပ်ဖြည့်ချင်သေးကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ပိုချက်တီနို က ” ဒီနေ့ ခြေစွမ်း အပေါ် ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်ကြပါတယ် ။ သူတို့ ( ဂျက်ဆင်နဲ့ အန်ကွန်ကူ ) ဟာ လိုအပ်တာတွေကို ကောင်းကောင်းကြီး ဖြည့်စွက်ကစားပေးနိုင်ကြပါတယ် ။ ဟုတ်ပါတယ် ။ မတူညီတဲ့ ကစားပေါက်နဲ့ ကစားသမားသစ် တဦးတလေ ကျွန်တော်တို့ ထပ်ဖြည့်ကောင်း ဖြည့်နိုင်ပါသေးတယ် ။ ”
” ဒါက ကျွန်တော်တို့ကို အထောက်အကူ ပေးပါလိမ့်မယ် ။ ဟုတ်ပါတယ် ။ ကျွန်တော်တို့ဖက်ကတော့ တံခါးဖွင့်ထားပါတယ် ။ ၂ယောက်လုံးနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်း ပျော်ရွှင်နေသလို ၊ မေဆင် ( ဘာစတိုး ) လို လူငယ် ကစားသမားတွေ အပြင် ဗြိတိန်မှာ ကြံ့ခိုင်မှု တိုးတက်ဖို့ ကြိုးစားနေတဲ့ အာမန်ဒို ( ဘရိုဂျာ ) လည်း ကျန်နေပါသေးတယ် ။ ”
” အပြောင်းအရွှေ့ စျေးကွက် မပိတ်သိမ်းမီ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်း အခြေအနေတွေ အပေါ် ကျွန်တော်တို့ သုံးသပ်ဆန်းစစ်မှု လုပ်သွားဖို့ လိုပါတယ် ။ အသင်း အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေကိုသာ ကျွန်တော်တို့ ချမှတ်သွားပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။