စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီ သည် ပြန်လည်အနားယူရန် လိုအပ်သဖြင့် ယနေ့ကစားမည့် ဝက်စ်ဟမ်းအသင်းနှင့်လန်ဒန်ဒါဘီပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
ကွန်တီ (၅၃ နှစ်) သည် ယခုလဆန်းပိုင်းတွင် သည်းခြေအိတ်ဖယ်ရှားသည့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး မန်စီးတီးအသင်းအား အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲကို လွဲချော ခဲ့သည်။ ထို့နောက် ကွန်တီသည် လက်စတာ၊ အေစီမီလန်အသင်းတို့ကို ရှုံးနိမ့်သည့် ပွဲစဉ်များကို ပြန်လည်ကိုင်တွယ်ခဲ့သော်လည်း ထပ်မံစစ်ဆေးမှုအရ အနားယူရန် လိုအပ်နေသေးသဖြင့် အီတလီနိုင်ငံ၌ မိသားစုနှင့် အတူရှိနေမည်ဖြစ်ကြောင်း စပါးအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ခွဲစိတ်ကုသမှုအပြီး ပုံမှန်ပြန်လည်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ အန်တိုနီယိုကွန်တီအနေနဲ့ သည်းခြေအိတ်ခွဲစိတ်မှုကနေ အပြည့်အဝပြန်လည် ကောင်းမွန်လာစေဖို့ သူ့ရဲ့မိသားစုနေအိမ်မှာ ဆက်ရှိနေမှာပါ။ ကျန်းမာရေးက အရေးကြီးဆုံးပါပဲ။ အသင်းမှာရှိသူအားလုံးက သူကျန်းမာပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ ခရစ္စတီယန်စတယ်လီနီ (လက်ထောက်နည်းပြ) က ပထမအသင်းတာဝန်ကို ထမ်းဆောင်သွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ ပွဲကစားအပြီးတွင် ၁၂ ပွဲနိုင်၊ သုံးပွဲသရေ၊ ရှစ်ပွဲရှုံးဖြင့် ၃၉ မှတ်ရရှိထားပြီး အဆင့် ၅၌ နေရာ ရပ်တည်လျက်ရှိသည်။
