မန်ယူအသင်း ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် နာမည်ကျော် ဗြိတိန်ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်တို့၏ အင်တာဗျူးမှတ်တမ်းများ ထပ်မံထွက်ပေါ်လာပြီး ပိုင်ရှင်ဖြစ်သူ ဂလေဇာ မိသားစုအနေဖြင့် အသင်းအပေါ် ဂရုမစိုက်ကြောင်း ၎င်းက ဝေဖန်ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ဗြိတိန်အခြေစိုက် TalkTV ရုပ်သံအတွက် ပီယာ့စ်မော်ဂန်နှင့် မိနစ် ၉၀ ကြာ အင်တာဗျူးပြုလုပ်ထားပြီး အသင်းနှင့် ၎င်းအကြား ဆက်ဆံရေးအခြေ အနေများအပေါ် ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားထားသည့် ရုပ်သံအပိုင်းအစများမှာ တနင်္ဂနွေနေ့ ညပိုင်းမှစ၍ လူမှုကွန်ရက်နှင့် ဗြိတိန်မီဒီယာများတွင် ကျယ်ပြန့်စွာ ထွက်ပေါ်နေခြင်းဖြစ်သည်။
ထပ်မံထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းတွင် အသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့်ပတ်သက်၍ စီရော်နယ်လ်ဒိုက “မန်ချက်စတာဆိုတာ စျေးကွက်ရှာဖွေတဲ့ အသင်းတစ်သင်းပါပဲ။ သူတို့တွေက စျေးကွက်ရှာဖွေရေးကတစ်ဆင့် ငွေတွေရနေကြတယ်။ မန်ချက်စတာအသင်းက လာမယ့် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ထိပ်တန်းအသင်း ဖြစ်လာဖို့ ခက်ခဲနေဦးမှာပါ။ အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာတွေက အသင်းကိုရော ပရော်ဖက်ရှင်နယ်အားကစားကိုပါ ဂရုမစိုက်ပါဘူး” ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။
ထို့ပြင် ဂလေဇာမိသားစုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပရိသတ်များအပေါ် စီရော်နယ်လ်ဒိုက “ပရိသတ်တွေက အမြဲတမ်းမှန်ပါတယ်။ သူတို့အနေနဲ့ အမှန်တရားကို သိထားသင့်တယ်။ ကစားသမားတွေက အသင်းအတွက် အကောင်းဆုံးဖြစ်စေချင်ကြတယ်။ ကျွန်တော်လည်း အသင်းအတွက် အကောင်း ဆုံးဖြစ်စေချင်တယ်။ အဲဒါကြောင့် မန်ချက်စတာယူနိုက်တက်ကို ကျွန်တော်လာခဲ့တာပါ။ အဲဒါကြောင့် ဒီကလပ်ကို ကျွန်တော်ချစ်ခင်ရတာပါ။ မန်ချက်စတာကို စီးတီး၊ လီဗာပူးလ်၊ အခုအာဆင်နယ်တို့လို ထိပ်တန်းအဆင့်ရောက်အောင် မကူညီပေးချင်တဲ့သူတချို့ အသင်းရဲ့ အတွင်းပိုင်းမှာ ရှိနေကြတယ်။ အဲဒါက ရှုပ်ထွေးပြီးတော့ ခက်ခဲပါတယ်” ဟု ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က ထွက်ပေါ်ခဲ့သည့် ရုပ်သံမှတ်တမ်းများတွင်လည်း စီရော်နယ်လ်ဒိုက ယာယီနည်းပြဟောင်း ရန်းနစ်၊ လက်ရှိနည်းပြ အဲရစ်တန်ဟက်၊ အသင်းဖော်ဟောင်း ၀ိန်းရွန်နီတို့အကြောင်းအပြင် အသင်းနှင့် ၎င်း၏ ဆက်ဆံရေးအခြေအနေကိုပါ ပွင့်လင်းစွာ ဝေဖန်ပြောကြားထားသည်။