ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းသည် အသင်း၏ ကြယ်ပွင့်ကစားသမား စီရော်နယ်လ်ဒိုနှင့် နာမည်ကျော်ဂျာနယ်လစ် ပီယာ့စ်မော်ဂန်တို့၏ အင်တာဗျူးထွက်ပေါ်လာခဲ့ပြီးနောက် အချက်အလက်အပြည့်အစုံဖြင့် ပြန်လည်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်းသည် စီရော်နယ်လ်ဒို၏ အင်တာဗျူးထွက်ပေါ်လာခဲ့ပြီးနောက်တွင် အချိန်အတန်ကြာ ငြိမ်သက်နေခဲ့ပြီးနောက် ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာမှုတစ်ခုပြုလုပ်ကာ ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး ကစားသမား၊ နည်းပြ၊ ဝန်ထမ်းများနှင့် ပရိသတ်များအကြား အတူတကွဆက်လက်ရှိနေရေးကိုသာ ရှေးရှုသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယင်းအင်တာဗျူးအစီအစဉ်တွင် အသင်း၏အတွင်းရေးများကို ထုတ်ဖော်ဖွင့်ဟသွားခဲ့ပြီး သူ၏ ဝေဖန်မှုများထဲတွင် ကလပ်အသင်းပို်င်ရှင်၊ ဘုတ်အဖွဲ့၊ နည်းပြဟောင်း၊ နည်းပြသစ်များအပြင် မန်ချက်စတာယူနိုက်တက် အသင်းဖော်ဟောင်း ရွန်နီအပေါ် ဝေဖန်မှုများလည်း ပါဝင်ခဲ့သည်။
ယင်းအတွက်ကြောင့် ကလပ်အသင်းက ထုတ်ပြန်ကြေညာပြီး ပြန်လည်ဖြေရှင်းခဲ့ရာတွင် ”လက်ရှိ သွားနေတဲ့ အရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ပြီး ဒုတိယရာသီဝက်မှာ ပိုကောင်းလာဖို့အတွက်ပဲ အာရုံစိုက်သွားပါမယ်”ဟုဖော်ပြခဲ့သည်။စီရော်နယ်လ်ဒို၏ အင်တာဗျူးအစီအစဉ်သည် ဖူလ်ဟမ်အသင်းကို အဝေးကွင်းတွင် (၁-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဘက်ကမူ တနင်္လာနေ့ နေ့လယ်ပိုင်းမှ ပြန်လည်ဖြေရှင်းချက်ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
စီရော်နယ်လ်ဒိုသည် မန်ချက်စတာယူနိုက်တက်အသင်းဘုတ်အဖွဲ့ကိုလည်း စာနာထောက်ထားစိတ်မရှိသူများဟု စွပ်စွဲခဲ့ပြီး ရာသီကြိုကာလက သူ့သမီးငယ်လေး၏ ကျန်းမာရေးအခြေအနေကြောင့် စခန်းဝင်လေ့ကျင့်မှု နောက်ကျခဲ့ခြင်းအပေါ် သံသယထားခဲ့ကြသည်ဟုလည်း ဆိုခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်းဘက်ကမူ စီရော်နယ်လ်ဒို၏ ပြောစကားများအပေါ် တစ်ခုချင်း ဖြေရှင်းခြင်းထက် အသင်းနှင့် စီရော်နယ်လ်ဒိုတို့အကြား ဆက်ဆံရေးအခြေအနေနှင့် အသင်းအား အခြေခံအဆောက်အဦပိုင်းဆိုင်ရာ အားဖြည့်မှုများပြုလုပ်ခဲ့သည်ဆိုသည့်ဘက်မှ ထုတ်ပြန်ကြေညာမှုကို ထပ်မံပြုလုပ်ဖွယ်ရှိသည်ဟု မီဒီယာများက သုံးသပ်ခဲ့ကြသည်။
စီရော်နယ်လ်ဒို၏ ယခုအင်တာဗျူးသည် လက်ရှိ ဘောလုံးကမ္ဘာတွင် လူစိတ်ဝင်စားမှုအများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲဲ့ပြီး ဆိုရှယ်မီဒီယာများတွင် နံပါတ် (၁) Trend တစ်ခုဖြစ်ခဲ့သည်။
သူသည် ပေါ်တူဂီအသင်းနှင့်အတူ စခန်းဝင်လေ့ကျင့်မှုအတွက် ထွက်ခွာသွားချိန်တွင် ယင်းအင်တာဗျူးကို ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။