ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဆောက်သမ်တန်(၁-၁)စပါးပွဲတွင် ပြိုင်ဘက်အသင်းဘက်သို့ စပါးအသင်းသွင်းယူခဲ့သည့် ဂိုး(၃)ဂိုးအား ဒိုင်များက ခွင့်မပြုဘဲ ငြင်းဆန်ပယ်ချခဲ့ရာ စပါးအသင်းတာဝန်ရှိသူများသည် ယင်းဆုံးဖြတ်ချက်များကို ဒေါသထွက်လျက် ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ယင်းပွဲတွင် စပါးနောက်ခံလူ ဘင်ဒေးဗီးစ်ခေါင်းတိုက်သွင်းယူသော အဖွင့်ဂိုး၊ စပါးတိုက်စစ်မှူးဟာရီကိန်းသွင်းယူသော အနိုင်ဂိုးတို့ကိုလူကျွံဘောဟုသတ်မှတ်ကာ ဒိုင်များက ငြင်းဆန်ပယ်ချခဲ့သည်။
စပါးနောက်ခံလူ ဒိုဟာတီက ဆောက်သမ်တန်ဂိုးသမားနှင့် ယှဉ်လုရာမှ ဘောလုံးဂိုးထဲဝင်သွားသည်ကိုလည်း ပြစ်ဒဏ်ဘော အဖြစ်သတ်မှတ်ကာ ဒိုင်လူကြီးက ဂိုးအဖြစ် ခွင့်မပြုခဲ့ချေ။
စပါးအသင်းသည် ပထမပိုင်း ပွဲချိန်(၃၉)မိနစ်မှစ၍ တစ်ယောက် အသာဖြင့် ကစားခဲ့ရသော်လည်း ယင်းပွဲ၌ အနိုင်မရရှိခဲ့၍ ပွဲအပြီးတွင် စပါးနည်းပြကွန်တီက ညည်းတွားခဲ့သည်။
“ကျွန်တော်တို့ ဒီပွဲမှာ အနိုင်မရခဲ့တဲ့အတွက် အတော့်ကိုစိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး ကြိုးစားရပါဦးမယ်။ ဒီထက်ပိုပြီး တိုးတက်မှုရှိဖို့ လိုပါသေးတယ်။ (၄၄)နာရီအကြာမှာ နောက်တစ်ပွဲ ထပ်ကစားရတာ ဘယ်အသင်းအတွက်မှ မလွယ်ပါဘူး။ ကစားသမားတွေအနေနဲ့ မောပန်းနေတယ်ထင်ပါတယ်” ဟု ဆိုခဲ့သည်။