ဆော်ဒီကလပ်အယ်လ်ဟီလာက ပြင်သစ်တိုက်စစ်မှူးဘာပေကို ခေါ်ယူနိုင်ရေးအတွက်ပြောင်းရွှေ့ကြေးပေါင် ၂၅၉ သန်းဖြင့်ကမ်းလှမ်းခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းက အဆိုပါကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ဆော်ဒီကလပ်ကို ပြင်သစ်တိုက်စစ်မှူးနှင့် ဆွေးနွေးရန်ခွင့်ပြုခဲ့သည်။ သို့ရာတွင် အသက် ၂၄ နှစ်အရွယ်ရှိ ဘာပေက ဆော်ဒီကလပ်သို့ ပြောင်းရွှေ့ခွင့်ကို ငြင်းဆန်ခဲ့သည်။
ဘာပေသည် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်း ၁၂ လသာကျန်ရှိတော့ပြီး သက်တမ်းတိုးစာချုပ်ကို မချုပ်ဆိုလိုတော့ကြောင့် ထုတ်ဖော်ပြောဆိုပြီးနောက် ပဲရစ်အသင်းသည် ၎င်းကို ယခုနွေရာသီတွင် ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ပီအက်စ်ဂျီသည် ဘာပေကို စာချုပ်သက်တမ်းကုန်ဆုံးမည့် လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မလွှတ်လိုခြင်းကြောင့် ယခုအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဆော်ဒီကလပ်အသင်းက များပြားသော ပြောင်းရွှေ့ကြေးဖြင့်ကမ်းလှမ်းသော်လည်း ဘာပေက လက်ရှိအချိန်တွင် ဆော်ဒီလိဂ်၌ မကစားရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဘာပေသည် စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ ပြင်သစ်ကလပ်အသင်းတွင် ဆက်ရှိနေသွားမည်ဖြစ်ကြောင်း စပိန်ရှိမီဒီယာများက ရေးသားဖော်ပြသည်။ လိုအပ်ပါက ဘာပေသည် တစ်ရာသီလုံး အရန်ခုန်ပေါ်တွင် ထိုင်သွားရန် စဉ်းစားနေကြောင်းလည်း မီဒီယာများက ဆက်လက်ရေးသားဖော်ပြသည်။

ဘာပေသည် ပီအက်စ်ဂျီအသင်း၏ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက်သည့် ခြေစမ်းပွဲခရီးစဉ်တွင် ချန်လှပ်ထားခြင်းခံခဲ့ရပြီး ပီအက်စ်ဂျီနည်းပြချုပ်အသစ် အန်နရီကေးအတွက် ခေါင်းကိုက်စရာပြဿနာတစ်ခုဖြစ်လာကြောင်းလည်း မီဒီယာများက ဆက်လက်ရေးသားဖော်ပြသည်။
ဘာပေကို ဆော်ဒီကလပ်က ကမ်းလှမ်းသော ပြောင်းရွှေ့ကြေးသည် နေမာက ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့သော ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၉၈ သန်းထက်များစွာ ကျော်လွန်နေသည်။ ဘာပေသည် ၂၀၂၄ တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာရန် ရီးရဲမက်ဒရစ်အသင်းနှင့်သဘောတူညီချက်ရရှိထားပြီးဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။