ကမ္ဘာ့ဖလားပြိုင်ပွဲကာလတွင် နယ်သာလန်လက်ရွေးစင်အသင်းဝတ်ဆင်မည့် ဂျာစီအကျႌများကို ကာတာနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများကို ထောက်ပံ့ကူညီရေးအတွက် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း နယ်သာလန်ဘောလုံးအဖွဲ့ချုပ် (KNVB) က ထုတ်ပြန်ကြေညာခဲ့သည်။
KNVB သည် ကာတာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေနှင့် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်ရသည့်အခြေအနေကို ထုတ်ဖော်ဝေဖန်သည့် ဘောလုံးအဖွဲ့ချုပ် အနည်းငယ်ထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ KNVB အနေဖြင့် ကစားသမားများနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် အွန်လိုင်းမှ လေလံတင်ရောင်းချ၍ ရရှိမည့်အကျိုး အမြတ်များကို ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေ တိုးတက်လာရေးအတွက် အသုံးပြုရန် ဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီပြိုင်ပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ဖို့အတွက် ကာတာမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာကို ဘယ်သူမှ သတိမပြုမိပါဘူး။ သူတို့တွေက အားကစားကွင်း၊ အခြေခံအဆောက်အအုံနဲ့ ဟိုတယ်လုပ်ငန်းတွေရဲ့ အလွန်ကြမ်းတမ်းတဲ့ အခြေအနေအောက်မှာ အလုပ်လုပ်ခဲ့ကြရပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့လုပ်ဆောင်မယ့် လှုပ်ရှားမှုတွေအားလုံးကို အမှတ်ရနေမှာပါ။ အဲဒီအခြေအနေတွေက တကယ်တိုးတက်ဖို့ လိုအပ်တယ်ဆိုတာကို အားလုံးရှင်း ရှင်းလင်းလင်း သိထားပြီးသားပါ” ဟု နယ်သာလန်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်က ပြောကြားခဲ့သည်။
ထို့ပြင် နယ်သာလန်အသင်းသည် ကာတာနိုင်ငံ၌ ရွှေ့ပြောင်းအလုပ်သမား ၂၀ ပါဝင်သည့် အုပ်စုတစ်ခုနှင့်တွေ့ဆုံ၍ ၎င်းတို့ လုပ်ကိုင်ရသည့် လုပ်ငန်းခွင်အခြေအနေကို မေးမြန်းသွားမည်ဖြစ်ပြီး လေ့ကျင့်ရေးကွင်းသို့လည်း လာရောက်လည်ပတ်ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။