နယူးကာဆယ်အသင်းသည် စီးရီးအေချန်ပီယံ နာပိုလီအသင်းမှ ဂျော်ဂျီယာတောင်ပံကစားသမား ခွာရတ်စကယ်လီယာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို(၉၅)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ခွာရတ်စကယ်လီယာ(၂၂ နှစ်)သည် ၂၀၂၂ နွေရာသီ ကမှ ဂျော်ဂျီယာကလပ် ဒိုင်နမိုဘာတူမီအသင်းမှ နာပိုလီအသင်းသို့ ယူရို(၁၀)သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ခွာရတ်စကယ်လီယာသည် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရူဘင်ကာဇန်ကစားသမားဘဝမှ စာချုပ်ဖျက်သိမ်းကာ ဘာတူမီအသင်းထံရောက်ရှိခဲ့ခြင်းဖြစ်ပြီး နာပိုလီအသင်းအနေဖြင့် အရည်အသွေးမြင့် လူငယ်ကစားသမားတစ်ဦးကို ကံကောင်းထောက်မစွာဖြင့် ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။

နာပိုလီအသင်းသည် ၎င်းကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့သည့်အပြင် တစ်နှစ်သက်တမ်းတိုးနိုင်သည့် သဘောတူညီမှုလည်း ပါဝင်ခဲ့သည်။ ခွာရတ်စကယ်လီယာသည် ပြီးခဲ့သည့်ရာသီတွင် စီးရီးအေချန်ပီယံဆု ရရှိခဲ့သော နာပိုလီအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သောကြောင့် ဥရောပထိပ်သီးအသင်းများစွာ၏ စိတ်ဝင်စားခြင်းခံခဲ့ရသည်။
နာပိုလီအသင်း၏ ဂန္ထဝင်ကစားသမား မာရာဒိုနာနှင့် နှိုင်းယှဉ်ကာ ၎င်းကို “ခွာရာဒိုနာ”ဟူ၍ အမည်ပြောင်ပေးကာ ခေါ်ဝေါ်ခြင်းလည်းခံခဲ့ရသည်။ ခွာရတ်စကယ်လီယာသည် ပြီးခဲ့သည့်ရာသီတွင် နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ(၄၃)ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး (၁၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၇) ကြိမ်ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် နာပိုလီအသင်း စီးရီးအေချန်ပီယံဆုကို (၃၃)နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ခဲ့ရာ၌ (၁၂)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၃)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည်။

၎င်းကို ဘောလုံးရာသီအတွင်းမှာပင် မန်စီးတီး၊ အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားခဲ့ကြပြီး ဆက်သွယ်စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ သို့သော် သက်တမ်းရှည်စာချုပ်ချုပ်ဆိုထားခြင်းနှင့် နာပိုလီအသင်းက ပြောင်းရွှေ့ကြေးများစွာတောင်းဆိုဖွယ်ရှိခြင်းကြောင့် ကမ်းလှမ်းမှုပြုလုပ်ခြင်းမရှိခဲ့ပေ။
ယင်းအခြေအနေတွင် အေစီမီလန်အသင်းမှ အီတလီကွင်းလယ်ကစားသမား တိုနာလီကို ယူရို သန်း(၇၀)ဝန်းကျင်ဖြင့် ခေါ်ယူထားသည့် နယူးကာဆယ်အသင်းက ခွာရတ်စကယ်လီယာကို ယူရို(၉၅)သန်းဖြင့် စတင်ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
နယူးကာဆယ် အသင်းသည် ဆော်ဒီရင်းနှီးမြှုပ်နှံမှုအဖွဲ့(PIF)၏ ပိုင်ဆိုင်မှု အောက်သို့ ရောက်ရှိခဲ့ပြီးနောက် ပြီးခဲ့သည့်နွေရာသီ၌ ဆိုစီဒက်အသင်းမှ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ကလပ်စံချန် တင်ပြောင်းရွှေ့ကြေး ယူရို(၇၄)သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် ယခုအခါ အဆိုပါစံချိန်ကို ချိုးဖျက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခွာရတ်စကယ်လီယာအတွက် ယူရိုသန်း(၁၀၀)အထိ တိုးမြှင့်ပေးသွားရန် အသင့်ရှိနေကြောင်းလည်း သိရသည်။ သို့သော် လက်ရှိအချိန်၌ PSG နှင့် ရီးယဲလ်အသင်းတို့၏ စိတ်ဝင်စားမှုကိုပါ ရရှိနေသော ခွာရတ်စကယ်လီယာအား နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်တစ်က လွယ်လွယ်လက်လွှတ်လိုခြင်းမရှိကြောင်း သိရသည်။