မန်စီးတီး – ဝုလ်ဗ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၇:၀၀ နာရီ)
High Flying ဖြစ်နေတဲ့ မန်စီးတီးက ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးစားလိမ့်မယ်။ မန်စီးတီးက လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် (၅)ပွဲဆက် အနိုင်ရထားပြီး ဒီပွဲမှာလည်း နိုင်ပွဲဆက်ယူဖို့ ရေပန်းစားနေတာ အံ့သြစရာမရှိဘူး။ မန်စီး တီးအတွက် သတင်းကောင်းက ဒီပွဲမှာ ဒီဘရိုင်းနား ပြန်ပါလာတော့မှာဖြစ်ပြီး ဂျေးဇူးလည်း ကြံ့ခိုင်မှုပြည့်ဝနေတယ်။ ဝုလ်ဗ် ကတော့ လီဗာပူးလ်နဲ့ပွဲတုန်းက သရေကျလုနီးပါးကစားခဲ့ပြီးမှ နောက်ဆုံးမိနစ် နောက်ကျဂိုးကြောင့် ရှုံးခဲ့တယ်။ အသင်းလိုက် ကစားပုံမာကျောပြီး ဖြိုလှဲရခက်တဲ့အသင်းမျိုးလည်းဖြစ်တယ်။ ဒါပေမဲ့ ဝုလ်ဗ်က အဝေးကွင်းမှာတော့ အိမ်ကွင်းလောက် ခြေစွမ်းမကောင်းပါဘူး။ လက်ရှိ မန်စီးတီးရဲ့ Current Form အရ ဒီပွဲမှာ ဝုလ်ဗ်သာ ရလဒ်ကောင်းမယ်ဆိုရင် အရမ်းအံ့သြစရာဖြစ်သွားလိမ့်မယ်။ ပုံမှန်အားဖြင့် မန်စီးတီး နိုင်ပွဲဆက်မှာပါ။ (၂-၀၊ ၃-၁)လောက်ဖြစ်မယ်။
အာဆင်နယ် – ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၉:၃၀ နာရီ)
အာတီတာရဲ့အာဆင်နယ်က ခြေစွမ်းပြန်တက်လာခဲ့ပြီးမှ လီဗာပူးလ်ကို ရှုံးပြီးတဲ့နောက် Rhythm နည်းနည်းပျက်သွားတယ်။ ဒီပွဲအပြီး နောက်ဆုံး (၃)ပွဲမှာ နယူးကာဆယ်ကိုပဲ နိုင်ပြီး မန်ယူ၊ အဲဗာတန်တို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ တိုးတက်လာတဲ့ ခံစစ်အရည်အသွေးက နောက်ပိုင်းပွဲတွေမှာ ပြန်ကျဆင်းလာတာလည်း တွေ့ရတယ်။ ဒီပွဲကတော့ အာဆင်နယ်ရဲ့ အလှည့်အပြောင်းကာလဖြစ်ပြီး နိုင်ပွဲပြန်ရှာတွေ့မယ်ထင်တယ်။
ချယ်လ်ဆီး – လိဒ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၉:၃၀ နာရီ)
တစ်ရာသီလုံး ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းလာတဲ့ ချယ်လ်ဆီးရဲ့ ရိုလာကိုစတာ ကာလအပိုင်းအခြားဖြစ်သွားတယ်။ နောက်ဆုံး (၅)ပွဲမှာ (၂)ပွဲသာ နိုင်ခဲ့ပြီးနောက် အဆင့် (၃)နေရာအထိ ကျဆင်းသွားတယ်။ ဘန်လေ၊ မန်ယူတို့ကိုသရေ၊ ဝက်စ်ဟမ်းကို ရှုံးခဲ့တယ်။ ဒီပွဲလည်း ရလဒ်ကောင်းဖို့အတွက် ဖိအားနည်းနည်းတော့ရှိတယ်။ ဒါပေမဲ့ ချယ်လ်ဆီး ကျော်ဖြတ်နိုင်သင့်ပါတယ်။ နိုင်ပွဲရလိမ့်မယ်ထင်တယ်။
လီဗာပူးလ် – အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၉:၃၀ နာရီ)
ဝုလ်ဗ်နဲ့ပွဲတုန်းက လီဗာပူးလ်က ခက်ခက်ခဲခဲ နိုင်ပွဲရှာဖွေခဲ့ရတယ်။ ဒီတစ်ပတ် မန်စီးတီးနဲ့ ဝုလ်ဗ်တို့ ဆုံတွေ့နေပြီး မန်စီးတီးသာ မတော်တဆ ခြေချော်ခဲ့ရင် လီဗာပူးလ်က ထိပ်ဆုံးနေရာကိုရောက်ဖို့ မျှော်လင့်ရလိမ့်မယ်။ ဒီပွဲမှာ ထူးခြားချက်က လီဗာပူးလ် ဂန္ထဝင်ကစားသမားဟောင်း စတီဗင်ဂျရတ်ရဲ့ အိမ်အပြန်ခရီးဖြစ်ပြီး ဂျရတ်က ဗီလာနည်းပြဘဝ (၄)ပွဲမှာ (၃)ပွဲ အနိုင်ကစားထားတယ်။ ခြေစွမ်းရော၊ ယုံကြည်မှုပါ မြင့်မားနေပြီး မန်စီးတီးအသင်းနဲ့ပွဲတုန်းကလည်း ရှုံးပွဲတွေ့ခဲ့ပေမဲ့ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာကို တွေ့ရတယ်။ ကလော့ပ်ရဲ့ အသင်းက နောက်ဆုံး (၄)ပွဲဆက် နိုင်ထားပြီး ဝုလ်ဗ်နဲ့ပွဲကလွဲရင် ကျန်ပွဲတွေအားလုံး ဂိုးပြတ်နိုင်ခဲ့တာ တွေ့ရတယ်။ ဂျရတ်နဲ့ ဗီလာတို့ ပုံစံကောင်းပြသနေတယ်ဆိုပေမဲ့ အန်ဖီးလ်မှာ လီဗာပူးလ်ဆီက အမှတ်ယူဖို့ မလွယ်ပါဘူး။ ဂျရတ်ရဲ့ အိမ်အပြန်ခရီးက အမှတ်ဗလာအတွက်ပဲ ဖြစ်လိမ့်မယ်။
နောဝစ်ချ် – မန်ယူ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် ည ၁၂:၀၀ နာရီ)
နောဝစ်ချ်က တန်းမဆင်းရဖို့အတွက် ရုန်းကန်နေတဲ့အသင်းဖြစ်တယ်။ နည်းပြသစ် ဒင်းန်စမစ်လက်ထက်မှာ ရလဒ်ပိုင်း တိုးတက်လာခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ ဂိုးပြတ်ရှုံးခဲ့တယ်။ မန်ယူအသင်းကတော့ ဆိုးလ်ရှားထွက်သွားပြီးနောက် (၃)ပွဲမှာ နည်းပြ နှစ်ဦးနဲ့အတူ (၂)ပွဲနိုင်၊ (၁)ပွဲသရေရလဒ် ရခဲ့တယ်။ ပွဲကျပ်တွေမှာ (၇)မှတ်ယူနိုင်ခဲ့တာကို တွေ့ရတယ်။ ဒီပွဲလည်း မန်ယူ နိုင်ပွဲရလိမ့်မယ်။