လီဗာပူးလ် – ဘန်လေ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၆:၀၀ နာရီ)
လီဗာပူးလ်က အဖွင့်ပွဲမှာ တန်းတက် နောဝစ်ချ်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီး အခုပွဲကတော့ ဒီရာသီအတွက် ပထမဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်တယ်။ ရာသီစတာနဲ့ အရှိန်ကောင်းကောင်းတင်နိုင်ခဲ့ပြီး ဆာလာရဲ့အကောင်းဆုံးပုံစံကို တွေ့ရတယ်။ ခံစစ်ပိုင်းမှာလည်း ဗန်ဒိုက် ပြန်ပါလာခြင်းနဲ့အတူ စွမ်းဆောင်ရည်ပိုကောင်းလာတယ်။ နောဝစ်ချ်နဲ့ပွဲတုန်းက ကွင်းလယ်က လီဗာပူးလ်ရဲ့ အရန် စာရင်းလို့ ပြောလို့ရပေမဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်၊ အသင်းလိုက်ဟန်ချက် တိုးတက်လာခြင်းနဲ့အတူ လီဗာပူးလ်ဟာ ပုံစံမပျက် ကစားနိုင်ခဲ့တယ်။ ဒီပွဲမှာ အဓိကကစားသမားတွေ ပြန်ပါလာရင် ပိုကောင်းလာနိုင်တယ်။ ဘန်လေကတော့ အဖွင့်ပွဲတုန်းက ဘရိုက်တန်ကို (၁-၂)ဂိုးနဲ့ အိမ်ကွင်းမှာရှုံးခဲ့ပြီး၊ ဒီပွဲလည်း လီဗာပူးလ်အသင်းရဲ့ကွင်းမှာ ကစားရမှာဖြစ်လို့ ရှုံးပွဲဆက်ဦးမယ့် အနေအထားဖြစ်နေတယ်။ တိုက်စစ်ကစားပုံ အားနည်းပြီး ခံစစ်ပိုင်းကလည်း လီဗာပူးလ်တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ ခက်လိမ့် မယ်။ လီဗာပူးလ်ပဲ နိုင်မယ်။ (၂-၀၊ ၃-၀)လောက်ဖြစ်မယ်။
အက်စတွန်ဗီလာ – နယူးကာဆယ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၈:၃၀ နာရီ)
အက်စတွန်ဗီလာက အဖွင့်ပွဲမှာ တန်းတက် ဝက်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ပြီး အခု အိမ်ကွင်းပွဲစဉ်မှာတော့ နိုင်ပွဲပြန်ရအောင် ကြိုးစားလိမ့်မယ်။ ဒေးဗီးစ်၊ ဆွန်ဆန်၊ ထရာဇီဂေးတို့ ဒဏ်ရာရှိနေဆဲဆိုပေမဲ့ အားကောင်းတဲ့ လူစာရင်းရှိနေဆဲပါ။ နယူးကာဆယ်ကတော့ ဝက်စ်ဟမ်းကို (၂-၄)ဂိုးနဲ့ ရှုံးခဲ့ပြီး ခံစစ်ပိုင်းမှာ ပြဿနာရှိနေတာကိုတွေ့ရတယ်။ ဒီပွဲက အပြန်အလှန်ဂိုးတွေ မြင်ရနိုင်တယ်။ (၂-၁)လောက်ဖြစ်သွားမယ်ထင်တယ်။
ခရစ္စတယ်ပဲလေ့စ် – ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၈:၃၀ နာရီ)
ခရစ္စတယ်ပဲလေ့စ်က အဖွင့်ပွဲမှာ လန်ဒန်ကလပ် ချယ်လ်ဆီးကိုရှုံးခဲ့ပြီး အခုလည်း လန်ဒန်ကလပ်တွေထဲမှာမှ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ ဆက်ကစားရမယ်။ အဖွင့်ပွဲမှာ ချယ်လ်ဆီးကို ယှဉ်မကစားနိုင်ခဲ့ပေမဲ့ တိုက်စစ်ကစားပုံမဆိုးဘူး။ ဘရန့်ဖို့ဒ်ကို ဒုက္ခပေးနိုင်မယ်လို့ ယူဆရတယ်။ ဘရန့်ဖို့ဒ်ကလည်း လန်ဒန်မြို့ခံပဲဖြစ်တဲ့ အာဆင်နယ်ကိုနိုင်ခဲ့ပြီး အရှိန်ရခဲ့တယ်။ အဝေးကွင်းပွဲမှာတော့ ပဲလေ့စ်ကို အမှတ်ပေးရမယ်ထင်တယ်။
လိဒ်စ် – အဲဗာတန် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၈:၃၀ နာရီ)
လိဒ်စ်က အဖွင့်ပွဲမှာ မန်ယူကို ဂိုးပြတ်ရှုံးခဲ့ပြီး အခုဒီပွဲကိုတော့ အိမ်ကွင်း Ellen Road မှာ ကစားရမယ်။ မန်ယူကို အတိုင်းအတာတစ်ခုအထိ ယှဉ်ကစားနိုင်ခဲ့ပြီးမှ တိုက်စစ်ဖွင့်လွန်းတာကြောင့် နောက်ပိုင်းမှာ ဂိုးတွေပေးခဲ့ရတာဖြစ်တယ်။ လိဒ်စ်ရဲ့ ကစားပုံက မနှစ်ကလိုပဲ အားကောင်းနေဆဲပါ။ အဲဗာတန်က အဖွင့်နိုင်ပွဲရခဲ့တယ်။ ခြေစွမ်းလည်း မဆိုးဘူး။ ဒါပေမဲ့ ဒီပွဲတော့ ခက်ခဲလိမ့်မယ်။ (၁-၁)လောက်ပဲ ဖြစ်မယ်ထင်တယ်။
မန်စီးတီး – နောဝစ်ချ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၈:၃၀ နာရီ)
မန်စီတီးအသင်းက အဖွင့်ပွဲရှုံးနိမ့်မှုကနေ ဒီပွဲမှာ ပြန်တုံ့ပြန်ပေါက်ကွဲလိမ့်မယ်လို့ ယူဆရတယ်။ အဓိက ကစားသမားတွေနဲ့ အမာခံအသင်းကို ဒီပွဲမှာ စမြင်ရနိုင်တယ်။ နောဝစ်ချ်လို အသင်းမျိုးဖြစ်နေလို့ အင်အားပြည့်လူစာရင်းမလိုပေမဲ့ မန်စီးတီး ဂိုးပြတ်သွင်းဖို့ ကြိုးစားလိမ့်မယ်။ နောဝစ်ချ်ခံစစ်က မန်စီးတီးကို တောင့်ခံဖို့ မလွယ်ပါဘူး။ မန်စီးတီး ဂိုးပြတ်နိုင်မယ့်ပွဲဖြစ်ပြီး (၄-၁)လောက်ဖြစ်မယ်။
ဘရိုက်တန် – ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၁၁:၀၀ နာရီ)
နှစ်သင်းစလုံးက အဖွင့်ပွဲတွေမှာ နိုင်ပွဲကိုယ်စီရခဲ့တယ်။ ဘရိုက်တန်က အဝေးကွင်းမှာ နိုင်ခဲ့ပြီး အခု အိမ်ကွင်းပွဲကစားရမှာဖြစ်လို့ နိုင်ပွဲဆက်ဖို့ အခွင့်အရေးပိုသာတယ်။ ဘရိုက်တန်ရဲ့ ကစားပုံက လေးစားလောက်စရာအနေအထားမှာရှိပြီး ကစားသမားအင်အားလည်း တောင့်တင်းတယ်။ ခံစစ်ကစားပုံလည်း ပိုကောင်းတယ်။ ဝက်ဖို့ဒ်အတွက် အခက်အခဲရှိတဲ့ပွဲပါ။ ဘရိုက်တန် နိုင်မယ်။ (၁-၀၊ ၂-၀) ဖြစ်နိုင်တယ်။