မန်စီးတီး – အာဆင်နယ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၆:၀၀ နာရီ)
မန်စီးတီးအသင်း ပြီးခဲ့တဲ့ပွဲတုန်းက တန်းတက် နောဝစ်ချ်အသင်းကို ဂိုးမိုးရွာခဲ့ပြီး အသင်းရဲ့ပုံမှန်ခြေစွမ်းကိုလည်း ပြသနိုင်ခဲ့တယ်။ အခု အီတီဟတ်မှာကစားမယ့် ဒီပွဲကလည်း အာဆင်နယ်အတွက် စိုးရိမ်စရာအနေအထားတွေ ရှိနေတယ်။ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂရီးလစ်ရှ်က ပြီးခဲ့တဲ့ပွဲမှာ ဂိုးစသွင်းနိုင်ခဲ့သလို၊ ဒီဘရိုင်းနားလည်း ကြံ့ခိုင်မှုအပြည့်နဲ့ စတင်ကစားလာနိုင်မယ်လို့ ယူဆရတယ်။ ဖိုဒန်က ဒဏ်ရာပြဿနာရှိနေသေးပေမဲ့ မန်စီးတီးရဲ့ လူအင်အားက အာဆင်နယ်ကို အနိုင်ယူဖို့ မခက်ခဲပါဘူး။ အာဆင်နယ်က ပြီးခဲ့တဲ့ရာသီက ခြေစွမ်းမျိုးကို ဆက်လက်ထိန်းထားဆဲဖြစ်ပြီး အားရစရာလုံးဝမရှိဘူး။ အာတီတာရဲ့အသင်းဟာ ရာသီအဖွင့်ပွဲမှာ တန်းတက် ဘရန့်ဖို့ဒ်နဲ့ လန်ဒန်ပြိုင်ဘက် ချယ်လ်ဆီးတို့ကို (၂-၀) ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးခဲ့တယ်။ ဒီရာသီမှာ ငွေအများကြီးသုံးထားပေမဲ့ အားမကောင်းသေးဘူး။ အူဘာမီယန်း ကစားပြီဆိုပေမဲ့ ပါတေး၊ လာကာဇက်၊ ဂါဘရီယဲလ်၊ ဘင်ဝှိုက်တို့ မကစားနိုင်လောက်ဘူး။ မန်စီးတီး နိုင်မယ်။ (၃-၀၊ ၃-၁)လောက် ဖြစ်မယ်။
အက်စတွန်ဗီလာ – ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၈:၃၀ နာရီ)
အဖွင့်ပွဲတုန်းကရှုံးခဲ့တဲ့ ဗီလာက နောက်ပွဲမှာတော့ နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ယူခဲ့တယ်။ ဗီလာရဲ့ခြေစွမ်းက အားရစရာကောင်းပြီး ဂရီးလစ်ရှ် မရှိတဲ့ပြဿနာကို ဖြေရှင်းနိုင်လောက်တယ်လို့ ယူဆရတယ်။ အသစ်ရောက်လာတဲ့ ဒန်နီအင့်စ်က နှစ်ဂိုးသွင်းထားပြီးဖြစ်လို့ အရည်အသွေးကို သက်သေပြပြီးပါပြီ။ ဘရန့်ဖို့ဒ်လည်း မညံ့ပေမဲ့ ဗီလာပဲ နိုင်လိမ့်မယ်။ (၁-၀)လောက်ပဲ ဖြစ်မယ်။
ဘရိုက်တန် – အဲဗာတန် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၈:၃၀ နာရီ)
အဲဗာတန်က ပိုကောင်းတဲ့အသင်းလို့ ယူဆနိုင်ပေမဲ့ လက်ရှိခြေစွမ်းအရ ဘရိုက်တန်က အဲဗာတန်ကို ကောင်းကောင်းယှဉ်ကစားနိုင်တယ်။ ခြေစွမ်းပိုင်းရော ခံစစ်၊ တိုက်စစ် ဟန်ချက်ညီမှုမှာပါ အားကောင်းနေတယ်။ အဲဗာတန်အတွက် ဒီအဝေးကွင်းပွဲစဉ်က ခက်ခဲမယ့်ပွဲစဉ်လို့လည်း ဆိုရမယ်။ နှစ်သင်းစလုံး လူမစုံသေးတဲ့ပြဿနာ ရှိတယ်ဆိုရင် တောင် ဒီပွဲအတွက် ဘရိုက်တန်ကို ပိုကြိုက်မိတယ်။
နယူးကာဆယ် – ဆောက်သမ်တန် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၈:၃၀ နာရီ)
နယူးကာဆယ်က ဒီရာသီမှာ အထလေးနေပြီး ဝက်စ်ဟမ်းနဲ့ ဗီလာတို့ကို ဆက်တိုက်ရှုံးထားတယ်။ ခံစစ်ပိုင်းက နှစ်ပွဲမှာ (၆)ဂိုးတောင် ပေးခဲ့ရတာက မနှစ်က မာကျောမှုနဲ့ယှဉ် ရင် အံ့သြစရာလို့ပြောရမယ်။ ဆောက်သမ်တန်က အဲဗာတန်ကို ဂိုးပြတ်ရှုံးပြီးနောက် ပြီးခဲ့တဲ့ မန်ယူနဲ့ပွဲမှာတော့ ပုံစံကောင်းပြသခဲ့တယ်။ ဒါပေမဲ့ ဒီပွဲက အဝေးကွင်းဖြစ်နေလို့ သိပ်စိတ်မချရပြန်ဘူး။ သရေလောက်နဲ့ ပြီးသွားမယ်ထင်တယ်။
နောဝစ်ချ် – လက်စတာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၈:၃၀ နာရီ)
နောဝစ်ချ်က ကံတော်တော်ဆိုးတယ်။ ရာသီအစမှာ အသင်းကြီးတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရပြီး လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို နှစ်ပွဲပေါင်း (၈)ဂိုး အသွင်းခံရတယ်။ အခုအချိန်အထိ ဂိုးမရသေးဘူး။ လက်စတာကလည်း ဝက်စ်ဟမ်းကို ဂိုးပြတ်ရှုံးခဲ့တာ မယုံနိုင်စရာပါ။ ပုံမှန်အားဖြင့်တော့ လက်စတာက ပြန်ရုန်းထွက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် နောဝစ်ချ်အတွက် နောက်ထပ် ရှုံးပွဲတစ်ပွဲဖြစ်နိုင်ပြီး (၁-၂)လောက် ဖြစ်လိမ့်မယ်။
ဝက်စ်ဟမ်း – ပဲလေ့စ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၈:၃၀ နာရီ)
လန်ဒန်ကလပ်အသင်းနှစ်သင်းဖြစ်ပြီး ဝက်စ်ဟမ်းကတော့ ပိုကောင်းတဲ့ပုံစံကို ပြသနေတယ်။ ဒီနှစ်သင်းရဲ့လူအင်အားက အရမ်းမကွာပေမဲ့ ပြီးခဲ့တဲ့ရာသီက ရလဒ်ပိုင်းအရရော၊ ဒီရာသီ Form အရပါ ဝက်စ်ဟမ်းက သိသိသာသာ သာလွန်နေတယ်။ ဒါပေမဲ့ ပဲလေ့စ်သာ ခြေမှန်ပြနိုင်ရင် ဝက်စ်ဟမ်းအတွက် အခက်အခဲရှိနိုင်ပါတယ်။ (၃)ပွဲဆက်နိုင် ပွဲရဖို့တော့ များတယ်။ ဂိုးမပြတ်နိုင်ဘူး။ (၂-၁)လောက်ပဲ ဖြစ်မယ်။
လီဗာပူးလ် – ချယ်လ်ဆီး (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၁၁:၀၀ နာရီ)
ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲဖြစ်တယ်။ ဂျာမန်လူမျိုး နည်းဗျူဟာကဝိနှစ်ဦးရဲ့ အား ပြိုင်မှုကို မြင်တွေ့ရမယ်။ လူကာကူနဲ့ ဗန်ဒိုက်တို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမယ်။ နှစ်သင်းစလုံးက အားကောင်းနေပြီး စိတ်ပိုင်းဆိုင်ရာအရရော၊ ခြေစွမ်းပိုင်းပါ ကောင်းမွန်နေတဲ့အချိန်လည်းဖြစ်တယ်။ လီဗာပူးလ်က ဗန်ဒိုက် ကာလရှည်အနားယူနေရာက ပြန်လာပြီးကတည်းက ပိုမိုကျစ်လျစ်လာပြီး အရင်လိုအရှိန်အဝါမျိုး၊ ခွန်အားမျိုးနဲ့ ပြန်မြင်ရတယ်။ Clean Sheets တွေ ဆက် တိုက်ပြန်ရလာတာကိုလည်း တွေ့ရတယ်။ ချယ်လ်ဆီးကလည်း လီဗာပူးလ်လိုပဲ တတိယမြောက် Clean Sheets ယူဖို့ ကြိုးစားရမယ့်အသင်းဖြစ်ပြီး လန်ဒန်ဒါဘီမှာ ခြေစွမ်းပြခဲ့တဲ့ လူကာကူအတွက် တကယ့်စိန်ခေါ်မှုက ဒီပွဲလို့ ပြောရမယ်။ လီဗာပူးလ် ခံစစ်ကို ဂိုးမသွင်းနိုင်ရင်တောင် ဒုက္ခပေးနိုင်ပြီိဆိုရင် သူ့ကိုယ်သူ ယုံကြည်မှုတည်ဆောက်ပြီးသားလည်းဖြစ်သွားမယ်။ ပွဲကောင်းဖြစ်နိုင်သလို၊ ဂိုးလည်း နည်းနိုင်တယ်။ (၁-၁) ဖြစ်ဖို့ များပါတယ်။