အာဆင်နယ်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား အော်ဒီဂွါက ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည့် အဖြစ်အပျက်မှာ မိမိ၏ဘဝတစ်လျှောက်လုံးတွင် နာကျင်နေရတော့မည်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာ၌ (၂၄၈)ကြာ ရပ်တည်နိုင်ခဲ့သည်။
သို့သော် ပန်းဝင်ခါနီး နောက်ဆုံး(၉)ပွဲတွင် နိုင်ပွဲ(၃)ပွဲသာရရှိပြီး (၃)ပွဲသရေ၊ (၃)ပွဲရှုံးနိမ့်ခဲ့သောကြောင့် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။ အော်ဒီဂွါက “ပွဲတိုင်း အနိုင်ရနေတဲ့အသင်းနဲ့ ပြိုင်ဆိုင်ရတာကြောင့် ခက်ခဲလွန်းပါတယ်။ အထူးသဖြင့်ကတော့ ပွဲ(၃)ပွဲမှာ (အာဆင်နယ် (၃)ပွဲဆက်သရေကျခဲ့ခြင်းကို ဆိုလို) ကျွန်တော်တို့ရဲ့ အရှိန်အဟုန် ပျောက်ဆုံးသွားခဲ့ပါတယ်။ ချန်ပီယံဆုနဲ့ လွဲချော်စေခဲ့တဲ့ အကြောင်းအရာတွေကတော့ အများကြီးရှိမှာပါ။ ကျွန်တော်တို့ ဆုဖလားနဲ့ နီးစပ်ခဲ့ပြီး ဒီစိတ်ပျက်စရာအခြေအနေကို အသုံးပြုပြီး ပိုနီးစပ်အောင် လုပ်ဆောင်ရပါမယ်။ ဒီအဖြစ်က ကျွန်တော့်ဘဝတစ်လျှောက် စိတ်အနှောင့်အယှက်ပေးနေတော့မယ်လို့ ထင်ပါတယ်။ ကျွန်တော့်ဘဝတစ်လျှောက် နာကျင်နေစေတော့မှာပါ။ ဒါပေမဲ့ နောက်ရာသီ ထပ်ကြိုးစားမှာပါ” ဟု ပြောကြားခဲ့သည်။
