လီယွန်နယ် မက်ဆီ ရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ Idol ကြီး အင်တာမိုင်ယာမီ အသင်းအတွက် ကစားတာကို မြင်တွေ့ ချင်နေကြပါပြီ ။ တနင်္ဂနွေနေ့ တုန်းက အင်တာ မိုင်ယာမီ ကစားသမား အဖြစ် မိတ်ဆက်ခဲ့တဲ့ မက်ဆီ ဟာ မနေ့က အသင်းသစ်နဲ့ စတင် လေ့ကျင့်မှု ပြုလုပ် သွားခဲ့ ပါတယ် ။
မက်ဆီ ဟာ လာမယ့် သောကြာနေ့မှာ ကစားမယ့် ခရုဇ် အဇူး နဲ့ ပွဲမှာ အသင်းသစ် အတွက် စတင်ပါဝင် ကစားပေးမယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ် ။ အဆိုပါ ပွဲဟာ မက်ဆီ ရဲ့ မိုင်ယာမီ ကလပ် အတွက် ပထမဆုံး ကစားမယ့် ပွဲ ဖြစ်လာနိုင်တာကြောင့် လက်မှတ်ခတွေ အဆမတန် မြင့်တက်ထားတဲ့ ပွဲလည်း ဖြစ်ပါတယ် ။
ဒါပေမယ့် ယမန်နေ့က ထွက်ပေါ်လာတဲ့ ဒေးဗစ် ဘက်ခမ်း ရဲ့ အင်တာဗျုးကြောင့် မက်ဆီ့ ပရိသတ်တွေ စိတ်ပျက်ဒေါသ ထွက်ခဲ့ ကြသလို အဆိုပါ ပွဲအတွက် လက်မှတ်ဝယ်ယူထားသူတွေ ကလည်း ဝေဖန်ပြောဆိုခဲ့ ကြပါတယ် ။

အာဂျင်တီးနား အခြေစိုက် ESPN သတင်းဌာန နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဘက်ခမ်း က မက်ဆီ အနေနဲ့ သောကြာနေ့ ပွဲမှာ ပါဝင်ကစားဖို့ အဆင်သင့် ဖြစ်မဖြစ် မသေချာဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ် ။
“အဲ့ဒိပွဲမှာ မက်ဆီ ဝင်ကစားဖို့ အဆင်သင့် ဖြစ်တယ် မဖြစ်ဘူးဆိုတာ ကျွန်တော်တို့ ကြည့်ရပါမယ် ။ အဆင်သင့် ဖြစ်မနေဘဲ နဲ့ ပွဲဝင် ကစားတာက ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး ။ သူ့ကို ( ဒဏ်ရာတွေ မရဖို့ ) ကာကွယ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန် ရှိပါတယ် ။ သူက နွေရာသီ အားလပ်ရက် ကနေ တနေ့ကမှ ပြန်ရောက်လာတဲ့သူပါ”

“ဒါပေမယ့် ဆုံးဖြတ်ချက်က တာတာ မာတီနို ( အသင်းနည်းပြ ) ပဲ အဓိက လုပ်ရမှာပါ ။ သောကြာနေ့မှာ မက်ဆီ ကစားမလား ၊ ဒါမှ မဟုတ် မိနစ် အနည်းငယ်လောက်ပဲ ဖြစ်မလား ၊ အနားပေးမလား ဆိုတာကိုပေါ့ ။ တနင်္ဂနွေ နေ့တုန်းက အားပေးမှုတွေကတော့ တကယ့်ကို အံ့မခန်း ပါပဲ ။ အသင်းမှာလည်း မက်ဆီ နဲ့ ဘူးစကွက် ရောက်ရှိလာမှုကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ အငွေ့အသက်တွေ ဖြစ်ပေါ်နေပါပြီ ။ နိုင်ပွဲပြန်ရဖို့ မျှော်လင့် ပါတယ်” လို့ ဘက်ခမ်းက ပြောဆိုသွားခဲ့ ပါတယ် ။
အင်တာမိုင်ယာမီ ဟာ သောကြာနေ့ ပွဲအပြီး နောက်ထပ် ၄ ရက်အကြာမှာ ပွဲစဉ် တပွဲ ကစားဖို့ ရှိနေသေးပြီး အဆိုပါပွဲပြီးရင်တော့ သြဂုတ်လ တတိယအပတ်မှသာ ပြန်လည် ကစားရတော့မှာ ဖြစ်ပါတယ် ။
ဒါကြောင့် အဆိုပါ ၂ ပွဲမှာ မက်ဆီ မပါဝင်ခဲ့ဘူး ဆိုရင်တော့ ရွှေဘောလုံး ၇ ဆုရှင်ကြီး ရဲ့ ပရိသတ်တွေ အနေနဲ့ နောက်ထပ် ၁ လ လောက် ထပ်မံ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ် ။