အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနှင့်ပတ်သက်ပြီး အာဂျင်တီးနားတိုက် စစ်မှူးဟောင်း အဂွဲရိုးနှင့် မက္ကဆီကို နာမည်ကြီးလက်ဝှေ့သမား ကာနီလိုအယ်လ်ဗာရက်ဇ်တို့ Twitter တွင် အပြန်အလှန်အချင်းများခဲ့ကြောင်း သိရသည်။
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကာနီလိုသည် အာဂျင်တီးနား(၂-၀)မက္ကဆီကို ပွဲအပြီးတွင် အာဂျင်တီးနားအသင်း အဝတ်အစားလဲခန်း၌ မက္ကဆီကိုအသင်းဂျာစီကို ကြမ်းပြင်တွင် မက်ဆီ လွှင့်ပစ်ထားသည်ဟု ယုံကြည်ရသောပုံကို တွေ့မြင်ခဲ့ရပြီးနောက် မက်ဆီအား ဝေဖန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မက်ဆီဟာ ကျွန်တော်တို့အသင်းဂျာစီနဲ့ အလံကို ကြမ်းပြင်မှာ သန့်ရှင်းရေးလုပ်နေတာကို ခင်ဗျားတို့ မြင်သလား။ ဘုရားသခင်ထံမှာ သူ ပိုပြီးဆုတောင်းသင့်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို ရှာဖွေနေမှာမဟုတ်ပါဘူး။ အာဂျင်တီးနားကို ကျွန်တော်လေးစားသလို၊ သူလည်း မက္ကဆီကိုကို လေးစားသင့်ပါတယ်။ နိုင်ငံတစ်နိုင်ငံလုံးကို ကျွန်တော် ပြောနေတာ မဟုတ်ပါ ဘူး။ မက်ဆီ လုပ်ခဲ့တာကိုတော့ bulls***t ပါပဲ”ဟု ကာနီလိုက Twitter တွင် ရေးသားခဲ့သည်။
မက်ဆီနှင့် ရင်းနှီးသည့်မိတ်ဆွေ ဖြစ်ပြီး လက်ရွေးစင်အသင်းဖော်ဟောင်းလည်းဖြစ်သူ အဂွဲရိုးက “မစ္စတာ ကာနီလိုရေ၊ ဆင်ခြေတွေ၊ ပြဿနာတွေ မရှာပါနဲ့။ သေချာတာကတော့ ဘောလုံးအကြောင်း၊ အဝတ်အစားလဲခန်းက အဖြစ်အပျက်တွေ အကြောင်းကို ခင်ဗျား ဘာမှမသိပါဘူး။ ဘောလုံးပွဲတွေပြီးရင် ဂျာစီတွေဟာ ချွေးတွေနဲ့ စိုရွှဲနေလို့ ကြမ်းပြင်မှာပဲ ပစ်ထားတတ်ပါတယ်။ ပြီးတော့ ခင်ဗျား မြင်ခဲ့သလို ဖိနပ်နဲ့ ဖယ်ရှားခဲ့တာက မတော်တဆပါ”ဟု တုံ့ပြန်ခဲ့သည်။
အဂွဲရိုး၏ရေးသားမှုကို ကာနီလိုက ဆဲရေးတိုင်းထွာပြီး Twitter မှပင် တုံ့ပြန်ခဲ့ကြောင်း သိရသည်။ ကာနီလိုက “ခင်ဗျားကိုလည်း b******* ပါပဲ။ ခင်ဗျားက ကျွန်တော့်ကို Oh Oh Cancelo လို့ ရေးခဲ့တယ်။ အခုတော့ ခင်ဗျား ဝမ်းနည်းနေတယ်။ သူတော်ကောင်း ဟန်ဆောင်မနေနဲ့၊ b*******” ဟု တုံ့ပြန်ရေးသားခဲ့သည်။
အဂွဲရိုးသည် နိုင်ငံလက်ရွေးစင်အသင်းအတွက် သွားရောက်ကစားသည့် ပြိုင်ပွဲများတွင် မက်ဆီနှင့် ကာလကြာရှည် အခန်းဖော်လည်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က နှလုံးရောဂါ ပြဿနာကြောင့် ကစားသမားဘဝမှ အနားယူခဲ့ရသူဖြစ်သည်။