ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာက အသင်းခေါင်းဆောင်ဖြစ်သူ မက်ဆီအား အသင်းတွင် ဆက်နေရန်ကြိုးပမ်းမှုမှာ အဆင်ပြေနေကြောင်းနှင့် မက်ဆီဘက်က ငြင်းပယ်မည့်အရိပ်အယောင်မျိုး လုံးဝမတွေ့ရကြောင်း ပြောထားသော်လည်း ယခုအချိန်အထိ စာချုပ်ရန်ကြန့်ကြာနေခြင်းမှာ အကြွေးပေါင် (၁) ဘီလီယံစည်းမျဉ်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။
သူက လက်ရှိအချိန်အထိ မက်ဆီနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိသေးသော်လည်း ကိုပါအမေရိကပြိုင်ပွဲနှင့် အခြားအကြောင်းအရာအချို့ကြောင့်သာဖြစ်ပြီး မက်ဆီသည် အသင်းတွင်ဆက်ရှိရန် သေချာသလောက်ရှိနေသည်ဟုလည်းဆိုခဲ့ရာ ယင်းအကြောင်းအရာမှာ FFP က ချမှတ်ထားသည့် ကြွေးမြီ ပေါင် (၁)ဘီလီယံ မကျော်ရသည့် စည်းမျဉ်းကို ဆိုလိုခဲ့ခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် အသင်း၏ကစားသမားအချို့ကို ရောင်းထုတ်ရန် မဖြစ်မနေလိုအပ်နေသည့် အနေအထားလည်းဖြစ်သည်။

မက်ဆီ၏ လက်ရှိစာချုပ်မှာ ယခုဇွန်လကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး ကလပ်အသင်းအနေဖြင့်လည်း ယင်းကာလအတွင်း စာချုပ်သက်တမ်းတိုးနိုင်ရန်အတွက် အသည်းအသန် ဆန္ဒရှိနေသည်။
လာပေါ်တာက “ဘာစီလိုနာအသင်းရဲ့လက်ရှိကြွေးမြီပြဿနာက စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့တော့ ဖြေရှင်းဖို့အတွက် လွယ်ကူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အခက်အခဲဖြစ်နေတာက FFP စည်းမျဉ်းပါ။ ကျွန်တော်တို့က ဒီစည်းမျဉ်းကို လိုက်နာချင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်း၏ ဘဏ္ဍာရေးအခြေအနေအရ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန်ကိစ္စနှင့် ကစားသမားသစ်များ ဖြည့်တင်းပေးရန်တောင်းဆိုလာပါက လုပ်ပေးနိုင်ပါ့မလားဆိုသည့် မေးခွန်းများကိုလည်း လာပေါ်တာက “မက်ဆီက စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်မယ့်အခြေအနေကို ကျွန်တော် လုံးဝမတွေ့ပါဘူး။ ကျွန်တော်က အကောင်းမြင်ပါတယ်။ သူက ဒီမှာဆက်နေချင်ပြီး၊ ကျွန်တော်တို့ကလည်း အဲဒီအတွက် ဘာမဆိုလုပ်မှာပါ။ ခက်ခဲတဲ့အခြေအနေဆိုပေမဲ့ မက်ဆီကို စာချုပ်သစ်ချုပ်ဖို့တောင် မစွမ်းဆောင်နိုင်တော့ဘူးဆိုတဲ့အခြေအနေမျိုး မဟုတ်ပါဘူး”ဟု ဆိုခဲ့သည်။