ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဝေးလ်စ်လက်ရွေးစင် ဘောလုံးသမားဟောင်း ဂါရတ်ဘေးလ်က မေဂျာလိဂ်တွင် ရှုံးနိမ့်မှုကို လက်ခံနိုင်ကြပြီး တန်းဆင်းရန်လည်းမလိုသဖြင့် အင်တာမိုင်ယာမီအသင်း၌ မက်ဆီ ပျော်ရွှင်ရလိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ယခုနွေရာသီတွင် PSG အသင်း နှင့်လမ်းခွဲ၍ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း ဇွန် ၇ ရက်ကတည်းက အတည်ပြု ကြေညာထားသည်။ မက်ဆီသည် အသင်း ဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရန် နီးစပ်ခဲ့သလို ဆော်ဒီလိဂ်ပြိုင်ပွဲ၏ စံချိန်တင်လစာဖြင့် ကမ်းလှမ်းမှုရရှိသော်လည်း မေဂျာလိဂ်သို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မက်ဆီ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ LAFC အသင်း ကစားသမားဟောင်းဖြစ်သူ ဂါရတ်ဘေးလ်က “အဲဒီမှာ ပျော်ရွှင်စရာတွေက တော်တော်လေးများလိမ့်မယ်။ ရီးယဲလ်မက်ဒရစ်မှာ ရှုံးပွဲကြုံတွေ့ရင် ကမ္ဘာပျက်သွားသလိုပဲ။ လက်ဝါးကပ်တိုင်မှာ အသေခံရသလို စိတ်ဓာတ်ကျသွားလိမ့်မယ်။ အိမ်ပြန်ရောက်ရင်လည်း ပျော်ရမှာမဟုတ်ဘူး။ သူတို့ (မေဂျာလိဂ်) ကတော့ ရှုံးနိမ့်မှုကို ပိုပြီးလက်ခံနိုင်ကြတယ်။ ဘာအကျိုးဆက်မှလည်း မရှိဘူး။ အဲဒီမှာ ခင်ဗျားတန်းဆင်းစရာမလိုဘူး။ ပွဲစဉ်တစ်ခုရှုံးသွားရင် နောက်တစ်ပွဲကို ဆက်သွားလို့ရတယ်။ အဲဒီမှာ ရှုံးနိမ့်မှုကို လက်ခံပေးကြတာ ပိုပြီးကောင်းတယ်။ သူတို့အနေနဲ့ ဘယ်လိုရှုံးနိမ့်မလဲဆိုတာ သိပေမဲ့ အနိုင်ရတဲ့အခါတိုင်း ချန်ပီယံရှစ်မှာဗိုလ်စွဲသလိုမျိုး ဂုဏ်ပြုအောင်ပွဲခံကြတယ်။ အဲဒီမှာ သူ (မက်ဆီ) သေချာပေါက် ပျော်ရွှင်ရမှာပါ” ဟု ဗြိတိန် အခြေစိုက် BT Sport ရုပ်သံသို့ ပြောကြားခဲ့သည်။

မက်ဆီကလည်း အင်တာမိုင်ယာမီ အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ နေ့စဉ်ဘဝကို ပိုမိုပျော်ရွှင်စွာ နေထိုင်လိုသောကြောင့်ဖြစ်ကြောင်း ပြောကြားထားသည်။ “ဥရောပမှာဆိုရင် ကျွန်တော်သွားချင်တာက ဘာစီလိုနာကိုပါပဲ။ ကမ္ဘာ့ဖလားရပြီးတဲ့နောက်မှာ ဘာကာကိုသွားဖို့ မဖြစ်နိုင်တော့ပါဘူး။ မတူညီတဲ့ပုံစံနဲ့ ဘောလုံးကစားဖို့၊ မေဂျာလိဂ်ကိုသွားပြီး ကျွန်တော့်ရဲ့နေ့စဉ်ဘဝကို ပိုပြီးပျော်ရွှင်စွာနေထိုင်ဖို့ အချိန်ရောက်ပါပြီ” ဟု ၎င်းက ဆိုသည်။

မက်ဆီအနေဖြင့် အင်တာမိုင်ယာမီ အသင်းနှင့် အပြီးသတ် စာချုပ်လက်မှတ်ရေးထိုးရခြင်းမရှိသေးသော်လည်း ၎င်းပါဝင် ကစားနိုင်ဖွယ်ရှိသည့် ပွဲစဉ်လက်မှတ်စျေးနှုန်းမှာ ဒေါ်လာထောင်ဂဏန်းအထိ မြင့်တက်လျက်ရှိသည်။ အင်တာမိုင်ယာမီအသင်းပိုင် ရှင်တစ်ဦးဖြစ်သူ ဂျော့ချ်မက်စ်ကလည်း လိဂ်ဖလားပြိုင်ပွဲအဖြစ် ဇူလိုင် ၂၁ ရက်တွင် မက္ကဆီကိုကလပ် ခရုဇ်အဇူလ်အသင်းနှင့်ကစားမည့်ပွဲ၌ မက်ဆီကို ပထမဆုံး ပါဝင်ကစားစေရန် စီစဉ်နေကြောင်း ပြောကြားထားသည်။