မန်ယူအသင်း၏ ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားရန် စဉ်းစားနေပြီဖြစ်ကြောင်း AS သတင်းစာက ဖော်ပြ ခဲ့သည်။
စီရော်နယ်လ်ဒိုသည် စပါးနှင့်ပွဲတွင် ပွဲမပြီးမီ ကွင်းအတွင်းမှ ထွက်ခွာသွားခြင်းကြောင့် နည်းပြ တန်ဟက်ဂ်က ချယ်လ်ဆီးနှင့်ပွဲ လူစာရင်းတွင် ထည့်သွင်းခြင်းမရှိခဲ့ပေ။
ထို့ကြောင့် ၎င်းတို့ကြား တင်းမာမှုများရှိနေရာ မန်ယူအသင်းတာဝန်ရှိသူများက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် စီရော်နယ်လ်ဒိုကို အသင်းမှ ထွက်ခွာခွင့်ပြုတော့မည်ဟုလည်း သတင်းထွက်နေသည်။
သို့သော် ESPN ကမူ မန်ယူအသင်းသည် စီရော်နယ်လ်ဒိုကို ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ကမ်းလှမ်းမှုရှိခဲ့ပါက အလွတ်ထွက်ခွာခွင့်ပြုရန် ပြင်ဆင်ထားခဲ့သော်လည်း ခေါ်ယူရန် စိတ်ဝင်စားသူမရှိဟု သတင်းရင်းမြစ်များစွာထံမှ သိရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဥရောပကလပ်အသင်းများက ၎င်း၏မြင့်မားသည့် လစာနှုန်းထားကြောင့် ခေါ်ယူရန် စိတ်မဝင်စားကြခြင်းဖြစ်ရာ စီရော်နယ်လ်ဒိုက မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားရန် စဉ်းစားလာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းက စီရော်နယ်လ်ဒိုသာ လစာလျှော့ယူမည်ဆိုပါက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း သတင်းထွက်နေသည်။
ချယ်လ်ဆီးအသင်းဥက္ကဋ္ဌ တော့ဒ်ဘိုလီသည် စီရော်နယ်လ်ဒို၏ ခြေစွမ်းကို အသုံးချရန်ထက် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တစ်ခုအဖြစ် ရှိနေသည့် စီရော်နယ်လ်ဒို၏ပုံရိပ်ကို အသုံးပြုလိုခြင်းကြောင့် ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် CBS မှ အားကစားသတင်းထောက် ဘင်ဂျက်ကော့ဘ်စ်က ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာသည် တော့ဒ်ဘိုလီထံ ၎င်းခေါ်ယူလိုသည့် တိုက်စစ် မှူး(၃)ဦး၏အမည်ကို ပေးအပ်ထားပြီးဖြစ်ကြောင်း၊ ယင်းကစားသမားများမှာ ရာဖေးလ်လီယာအို(အေစီမီလန်)၊ ဂျိုနသန်ဒေးဗစ်(လိုင်လီ)နှင့် အီဗန်တိုနေး (ဘရန့်ဖို့ဒ်)တို့ဖြစ်ပြီး စီရော်နယ်လ်ဒိုကို ခေါ်ယူရန် ဖြစ်နိုင်ဖွယ်မရှိကြောင်း ဆိုခဲ့သည်။
သို့ရာတွင် အေးဂျင့် ဂျော့ချ်မန်ဒက်စ်ကမူ စီရော်နယ်လ်ဒိုအတွက် အသင်းသစ်ရှာဖွေပေးနေပြီး ပထမဦးစားပေးက ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်း၊ ဒုတိယဦးစားပေးက မေဂျာလိဂ်ကလပ်အသင်းဖြစ်ကြောင်း သိရသည်။