မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အာဆင်နယ်အသင်းမှာ ယခုရာသီတွင် မိမိတို့ထက်ပိုကောင်းပြီး ချန်ပီယံဆုအတွက် စိန်ခေါ်သူ ဖြစ်လာပြီဟု သုံးသပ်ပြောကြားသည်။
ဂွါဒီယိုလာက “ကျွန်တော်တို့က မယုံနိုင်လောက်စရာ ရာသီတစ်ခုကို ဖန်တီးထားပြီးပါပြီ။ သူတို့ကတော့ ပိုပြီးကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ သူတို့အနားမှာ နေချင်ပါတယ်။ ဒါပေမဲ့ ရာသီတစ်ခုက အရမ်းရှည်ပါတယ်။ ခက်ခဲတဲ့ပွဲတွေ အများကြီးရှိသေးသလို အများကြီး ဖြစ်လာနိုင်သေးတယ်။ ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့။ အာဆင်နယ်ရဲ့ အခြေအနေကို ပြီးခဲ့တဲ့ရာသီတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ချန်ပီယံဆုစိန်ခေါ်နိုင်တယ်ဆိုတာ သေချာပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ သူတို့က ပရီးမီးယားချန်ပီယံဆုရယူနိုင်ဖို့ စိန်ခေါ်သူ မဟုတ်ခဲ့ပါဘူး။ ဒီရာသီမှာတော့ သူတို့ဖြစ်လာမှာပါ။ မီခေးလ် (အာတီတာ)က ကျွန်တော်တို့နဲ့အတူ သုံးနှစ်အလုပ်လုပ်ဖူးပေမဲ့ သူက မွေးကတည်းက သင်ယူတတ်မြောက်လာတဲ့သူဖြစ်ပြီး အင်္ဂလန်မှာလည်း အတွေ့အကြုံရှိပါတယ်။ သူနဲ့အတူတူ အလုပ်လုပ်ဖြစ်တဲ့အချိန်မှာ ပိုပြီး သိလာရတာပါ။ အာဆင်နယ်မှာ လုပ်ငန်းပိုင်းကျင့်ဝတ်၊ အရည်အချင်းနဲ့ ထောက်ပံ့မှုတွေရှိတယ်။ မီခေးလ်က အစပိုင်းမှာ ဆိုးရွားတဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ နေ့စဉ်ဘယ်လိုအလုပ်လုပ်တယ်၊ နှစ်မြှုပ်ထားတယ်ဆိုတာကို လူတွေ မြင်ကြပါတယ်။ သူက စိတ်ရှည်တယ်။ မန်နေဂျာတွေအားလုံးက တစ်စုံတစ်ခုတည်ဆောက်ဖို့အတွက် အချိန်လိုချင်ကြတယ်။ အဲဒီအရာကို အာဆင်နယ်က သူ့ကိုပေးထားတယ်” ဟု သုံးသပ်ပြောကြားသည်။
ထို့ပြင် ဂွါဒီယိုလာက မန်စီးတီးအသင်းနှင့် စာချုပ်သစ်ကိစ္စဆွေးနွေးမှုကို ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ခဲ့ပြီး အကောင်းဆုံးအခြေအနေရှိသလို အသင်းနှင့်အတူ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားသည်။ ဂွါဒီယိုလာ၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုရာသီကုန်တွင် ကုန်ဆုံးမည် ဖြစ်သည်။
“ကျွန်တော် အကြိမ်ကြိမ်ပြော ပြီးပါပြီ။ အဲဒီအကြောင်းကို ပြောမှာ မဟုတ်ပါဘူး။ အရာအားလုံးက ထိန်းချုပ်မှုအောက်မှာရှိနေပြီး အဲဒါက ပြီးပြည့်စုံပါတယ်။ ဆုံးဖြတ်ချက်ချရမယ့်အချိန်ကို အသင်းနဲ့အတူ လုပ်သွားမှာပါ။ ကျွန်တော်ရော အသင်းပါ အတူတူရှိနေရတာ ပျော်ရွှင်တယ်လို့ ခံစားရတယ်ဆိုတာ အကြိမ်ကြိမ် ပြောဖူးပါတယ်။ အခုလောလောဆယ်မှာ အဲဒါက အရေးမကြီးပါဘူး။ ဘရန့်ဖို့ဒ်နဲ့ကစားမယ့်ပွဲကပဲ အရေးကြီးဆုံးပါ။ ကျွန်တော်တို့ အချိန်ရတဲ့အခါ၊ နှစ်ဦးနှစ်ဖက်စလုံးက အဲဒီလိုလုပ်ဖို့ ခံစားမိတဲ့အချိန်ရောက်တဲ့အခါကျရင် ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခုချမှာပါ” ဟု ဂွါဒီယိုလာက ဆိုသည်။