စပါးအသင်းသည် လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် နည်းပြ အန်တိုနီယိုကွန်တီကို နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
ကွန်တီ(၅၃ နှစ်)သည် စပါးအသင်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး မူလစာချုပ်မှာ (၁၈)လသာဖြစ်သော်လည်း တစ်နှစ်သက်တမ်းတိုးနိုင်သည့် သဘောတူညီချက်ပါဝင်သည်။ ထို့ကြောင့် ပုံမှန်အတိုင်းဆိုပါက လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့ပါက နောက်တစ်နှစ်အလိုလို သက်တမ်းတိုးနိုင်မည့် သဘောတူညီချက် ပါဝင်ကြောင်းလည်း သိရသည်။
ကွန်တီသည် စပါးအသင်းကို ပြီးခဲ့သည့်ရာသီက အဆင့်(၄)နေရာဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့၏အထက် အဆင့်(၃)နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသည်။ စပါးအသင်း တာဝန်ရှိသူများက ကွန်တီ၏ ဦးဆောင်မှုကို သဘောကျသည့်အတွက် ကာလရှည်လက်တွဲသွားရန် ဆန္ဒရှိနေခြင်းကြောင့် ဆွေးနွေးမှု စတင်ပြုလုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
အောက်တိုဘာလအစောပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်မူ ကွန်တီက “ဒီအချိန်မှာ စာချုပ်သက်တမ်းက အရေးမကြီးဘူးလို့ ကျွန်တော် ထင်ပါတယ်။ အရေးအကြီးဆုံးက လာမယ့်ပွဲအတွက် ပြင်ဆင်ဖို့ပါ။ ဒါပေမဲ့ ထပ်ပြောရရင် အားလုံးအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို ကျွန်တော်တို့ ရှာတွေ့မှာပါ”ဟု ပြောကြားခဲ့ဖူးသည်။
ကွန်တီသည် အသင်း၏ ခြေစွမ်းအပေါ် အားရခြင်းမရှိသည့်အတွက် သက်တမ်းတိုးရန် လိုလားဟန်မပြခဲ့သလို၊ ၎င်းကို ခေါ် ယူလိုသည့် ထိပ်တန်းအသင်းများစွာ ရှိနေခြင်းကြောင့် အခြေ အနေကို စောင့်ကြည့်လိုပုံရသော်လည်း စပါးအသင်းကမူ နှစ်ရှည်စာချုပ် ချုပ်ဆိုနိုင်မည်ဟု ယုံကြည်နေသည်။
စပါးအသင်းသည် လက်ရှိတွင် တစ်နှစ်ပေါင်(၁၃)သန်း ပေးချေနေရသည့် ကွန်တီကို ပိုမိုမြင့်မားသည့် လစာနှုန်းထားအသစ်ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေပြီး ကမ္ဘာ့ဖလားကာလတွင် အပြီးသတ်ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။