PSG အသင်းသည် လီဂူး-၁ ပြိုင်ပွဲရာသီသစ်အတွက် တနင်္လာနေ့တွင် လေ့ကျင့်မှု ပြန်လည်စတင်ခဲ့ပြီး စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်နေသည့် တိုက်စစ်မှူး အမ်ဘာပေကို ပထမအသင်းကစားသမားများနှင့်အတူ လေ့ကျင့်ခွင့်တားမြစ်ထားကြောင်း သိရသည်။
PSG အသင်းအတွက် ဂိုးအများဆုံးစံချိန်တင်ထားသည့် ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေ (၂၄ နှစ်)သည် သက်တမ်းတိုးစာချုပ် လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသောကြောင့် အာရှခြေစမ်းခရီးစဉ်သို့ လိုက်ပါခွင့်မရဘဲ ချန်လှပ်ခံခဲ့ရသည်။
ပြင်သစ်နိုင်ငံသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည့် PSG အသင်းသည် ရာသီသစ်အတွက် လေ့ကျင့်မှုအစီအစဉ်ကို တနင်္လာနေ့တွင် စတင်ခဲ့သော်လည်း အမ်ဘာပေကိုမူ ပထမအသင်း ကစားသမားများနှင့်အတူ လေ့ကျင့်ခွင့်တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေအရ PSG အသင်းနှင့် အမ်ဘာပေ၏ ဆက်ဆံရေးမှာ အဆိုးဆုံးအဆင့်သို့ ရောက်ရှိနေပြီး လာမည့်နှစ်နွေရာသီတွင် ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ထွက်ခွာခွင့်ပြုခြင်းထက် ယခုနွေရာသီမှာပင် မဖြစ်မနေရောင်းချရန် နီးစပ်နေပြီဖြစ်သည်။
အမ်ဘာပေကို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး PSG အသင်းကလည်း လက်ခံဆွေးနွေးခွင့်ပြုခဲ့သည်။
ထို့ကြောင့် အယ်လ်ဟီလာအသင်းတာဝန်ရှိသူများ ပါရီသို့ရောက်ရှိလာပြီး ဆွေးနွေးရန် ကြိုးပမ်းသော်လည်း အမ်ဘာပေက လက်မခံဘဲ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
အမ်ဘာပေသည် လာမည့်နှစ်တွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့နိုင်ရန် ဆန္ဒရှိနေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အမ်ဘာပေသည် ၂၀၁၇ ခုနှစ် နွေရာသီတွင် မိုနာကိုအသင်းမှ PSG အသင်းသို့ ကနဦး တစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ဒုတိယပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် ယူရိုသန်း ၁၈၀ ဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
၎င်းသည် ခြောက်ရာသီအသင်းအတွင်း PSG အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၂၆၀ ကစား၊ ၂၁၂ ဂိုးသွင်းယူထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။
အမ်ဘာပေသည် PSG အသင်းနှင့်အတူ လီဂူး-၁ ချန်ပီယံဆု ငါးကြိမ်၊ ပြင်သစ်ဖလား သုံးကြိမ်၊ ပြင်သစ်လိဂ်ဖလား နှစ်ကြိမ်၊ ပြင်သစ်စူပါဖလား နှစ်ကြိမ်ရရှိထားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်း တစ်ကြိမ် တက်ရောက်ထားသည်။
PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကလည်း ကမ္ဘာ့အကောင်းဆုံးကစားသမားကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဆုံးရှုံးခံမည်မဟုတ်ကြောင်း အတည်ပြုပြောကြားထားသည်။