ချဲလ်ဆီး အသင်းဟာ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကို ထုတ်ရောင်းဖို့ အတွက် အနည်းဆုံး ပေါင်သန်း ၄၀ အလိုရှိနေကာ ၊ လောလောဆယ်မှာ ၄င်းတို့ မျှော်မှန်းထားတဲ့ ကြေးနဲ့ အလိုက်ပေးနိုင်မယ့် အသင်းက ဆော်ဒီပရိုလိဂ် ကလပ် အယ်ဟီလယ်သာ ရှိနေပါသေးတယ် ။
လူကာကူကတော့ ဥရောပ ဘောလုံးလောကမှာသာ ဆက်လက်ကျင်လည်ဖို့ ဆန္ဒ ရှိနေသေးတာကြောင့် ဆော်ဒီသို့ ပြောင်းရွှေ့ဖို့ကို နောက်ဆုံး ဦးစားပေး အနေနဲ့သာ စဉ်းစားပေးဖွယ် ရှိနေပေမယ့် ၊ အယ်ဟီလယ်ရဲ့ လုပ်ခလစာကတော့ ၄င်းကို အတိုင်းအတာ တခု အထိ ဆွဲဆောင်နေပါတယ် ။
သို့ပေမယ့် လူကာကူဟာ လောလောဆယ် ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းသို့ အရင်ဆုံး ပြန်လာရမှာ ဖြစ်ပြီး ၊ ကာလို ကူဒီစီနီ ဦးဆောင်တဲ့ သီးသန့် လေ့ကျင့်ပြင်ဆင်မှုမှာ ပါဝင်ရဖို့ ရှိနေပါတယ် ။ ထိုအထဲမှာ ပြီးခဲ့တဲ့ရာသီက စပီဇီယာသို့ အငှားထွက်ခဲ့တဲ့ ဝေးလ်စ် လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား အီသန် အမ်ပါဒူလည်း ပါဝင်နေပါတယ် ။

Sky Italia ဂျာနယ်လစ် ဂျီယန်လူကာ ဒီမာဇီယိုကတော့ လူကာကူ အရမ်းပြောင်းရွှေ့ချင်နေတဲ့ အင်တာမီလန်ဟာ ယင်းဘယ်လ်ဂျီယမ်သား အတွက် အနည်းဆုံး ယူရို ၂၅သန်းထက် ပိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ လာမယ့် ရက်အနည်းငယ် အတွင်း ချဲလ်ဆီးထံသို့ ချဉ်းကပ်ဖွယ် ရှိနေကြောင်း ဖော်ပြလာပါတယ် ။ သို့ပေမယ့် ဒါဟာ ချဲလ်ဆီးဖက်က မျှော်မှန်းထားတဲ့ တန်ကြေးထက် နိမ့်နေဆဲမို့ ပယ်ချခံရဖို့သာ နီးစပ်နေတယ်လို့ ယူဆရနိုင်ပါတယ် ။
နောက်ထပ် အီတလီ ဂျာနယ်လစ် တဦး ဖြစ်တဲ့ အယ်ဖရက်ဒို ပက်ဒူလာရဲ့ အဆိုအရ ချဲလ်ဆီးဟာ ယူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ရဲ့ အပြောင်းအရွှေ့ အတွက် စုံစမ်းမေးမြန်းမှုတွေ စလုပ်နေကာ ၊ ယင်းတူရင်ကလပ်ကတော့ ပေါင် ၆၅သန်းကနေ သန်း ၇၀ အထိ အလိုရှိနေတယ်လို့ သိရပါတယ် ။

လက်ရှိမှာ ချဲလ်ဆီးဖက်က အာရုံစိုက်နေတဲ့ ကစားသမားကတော့ ဘရိုက်တန် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒို ဖြစ်ပြီး ၊ ကစားသမားဖက်က ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ တွန်းအားပေးနေသည့်တိုင် ၊ ၂သင်း အကြား ဆွေးနွေးမှုဟာ နေ့စဉ် အခြေအနေသာ ရှိနေသေးတာမို့ ၊ ညှိနှိုင်းမှု နီးစပ်ဖို့ မလွယ်သေးကြောင်း သိရပါတယ် ။
ဒီအတွက်ကြောင့် ယင်းအီကွေဒေါသားဟာ ယခုတပတ်မှာ စတင်မယ့် ဘရိုက်တန်ရဲ့ ရာသီကြို ပြင်ဆင်မှု အစီအစဉ်မှာ ပါဝင်ရဖို့ ရှိပြီး ၊ နောက်အပတ် အမေရိကန်ခရီးစဉ်သို့ တပါတည်း လိုက်ပါရဖို့လည်း များနေပါတယ် ။ ဘရိုက်တန်က ပေါင်သန်း ၄၀နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အင်္ဂလန် ယူ၂၁ ခံစစ်မှူး လီဗိုင်း ကိုဝဲလ်ကိုတော့ ချဲလ်ဆီးဖက်က ရောင်းချဖို့ အခုထိ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ် ။
ဆေးစစ်မှု မအောင်မြင်ခဲ့တဲ့ ဟာကင် ဇီယက်ခ်ျဟာ အယ်နာဆာ အသင်းမှ ဒုတိယတကြိမ် လစာ ၄၀ ရာခိုင်နှုန်း လျှော့ထားတဲ့ ကမ်းလှမ်းမှုကို မနေ့ကပဲ တရားဝင် ငြင်းပယ်ခဲ့ပါတယ် ။ သို့ပေမယ့် ယင်းမော်ရိုကိုသားကို အက်ဒွာ့ဒ် မန်ဒီ ၊ ရော်ဘတ်တို ဖာမီနိုတို့ ခေါ်ယူထားတဲ့ အယ်အာလီ အသင်းမှ ခေါ်ယူဖို့ ကြိုးစားနိုင်ခြေ ရှိနေပါသေးတယ် ။

တရားဝင် ဖြစ်လာတဲ့ ကစားသမား အထွက် သတင်းတွေမှာတော့ ချဲလ်ဆီးမှာ မကစားရပဲ အငှားပတ်ထွက်နေတာ ၇နှစ်ဝန်းကျင် ရှိခဲ့တဲ့ ဂါနာ ဘယ်နောက်ခံလူ ဘာဘာရာမန်ဟာ ခြင်္သေ့ပြာတို့နဲ့ နောက်ဆုံး တနှစ် ကျန်တဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပြီးနောက် မနေ့ကပဲ ဂရိကလပ် PAOK အသင်းသို့ အလွတ်နဲ့ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ် ။
ဒါ့အပြင် အကယ်ဒမီထွက် အင်္ဂလန် ယူ၂၀ ဂိုးသမားလေး တယ်ဒီရှာမန်း လိုဝီဟာ မနေ့ကပဲ အင်္ဂလိပ် နေရှင်နယ်လိဂ်ကလပ် ဘရွန်မ်လီ အသင်းသို့ တရာသီ အငှားထွက်သွားပြီ ဖြစ်ပါတယ် ။ ထိုနည်းတူ ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက်က ချဲလ်ဆီးရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ခဲ့တဲ့ အိုင်ဗရီကို့စ် ကြယ်ပွင့် တိုက်စစ်မှူး ဒေးဗစ် ဒတ်ထရို ဖိုဖာနာဟာ ဘွန်ဒက်စ်လီဂါ ကလပ် ယူနီယံဘာလင်သို့ တရာသီ အငှားထွက်ဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ် ။
နောက်ထပ် အငှားထွက်နိုင်တဲ့ ကစားသမားတွေ ဒီရက်ပိုင်း အတွင်း ဆက်ရှိလာနိုင်ပြီး ထိုအထဲမှာ အကယ်ဒမီထွက်တွေ ဖြစ်ကြတဲ့ ကော်လမ် ဟတ်ဒ်ဆန်အိုဒွိုင်း ၊ ဖော်စတီနို အန်ဂျိုရင် ၊ ဟာဗီဗေးလ် ၊ ဘတ်ရှီယာ ဟမ်းဖရေးစ်တို့ ပါဝင်နေတယ်လို့ သိရပါတယ် ။
အပြောင်းအရွှေ့နဲ့ မဆက်စပ်တဲ့ သတင်းတပုဒ်ကတော့ ချဲလ်ဆီး နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုရဲ့ ရာသီကြို ပြင်ဆင်မှုမှာ အလွန်ပြင်းထန်မှု ရှိတဲ့ Gacon test ကို ကျင့်သုံးနေရာ ၊ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ဟာ ချဲလ်ဆီး စတားတွေ အနက် performance အကောင်းဆုံး ကစားသမား တဦး ဖြစ်နေတယ်လို့ သိရပါတယ် ။