PSG နှင့် စပါးအသင်း၏ နည်းပြဟောင်း ပိုချက်တီနိုက ၎င်းအနေဖြင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်ဆံရေးမှာ အလွန်ကောင်းမွန်နေပြီး အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် တံခါးဖွင့်ထားသည်ဟု ပြောကြားခဲ့သည်။
ပိုချက်တီနို(၅၀ နှစ်)သည် အာဂျင်တီးနားနိုင်ငံသားဖြစ်သော်လည်း အင်္ဂလန်မြေတွင် ၂၀၁၃ ခုနှစ်ကတည်းက ကျင်လည်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ပြင်သစ်ကလပ် PSG အသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ပြီးခဲ့သည့်နွေရာသီတွင် PSG အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် အင်္ဂလန်လက်ရွေးစင်နည်းပြရာထူးအတွက် အလားအလာရှိသည့် နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံနေရသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် လက်ရှိနည်းပြ ဆောက်ဂိတ်ကို ယူရို-၂၀၂၆ ပြိုင်ပွဲအထိ ခန့်အပ်ထားသော်လည်း ကမ္ဘာ့ဖလားအကြိုကာလအတွင်း ရလဒ်များကျဆင်းခဲ့သည့်အတွက် အနာဂတ်မရေရာသည့်အခြေအနေ ဖြစ်လာခဲ့သည်။
ထို့ကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အပြောင်းအလဲဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိလာခဲ့ပြီးနောက် အင်္ဂလန်နည်းပြသစ် ဖြစ်လာရန် ရေပန်းစားသူများထဲတွင် ပိုချက်တီနိုလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။
ပိုချက်တီနိုက “အင်္ဂလန်နဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက အလွန်ကောင်းပါတယ်။ အကယ်ဒမီအသင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိိခဲ့သလို၊ လက်ရွေးစင်အသင်းအတွက် လူငယ်ကစားသမားကောင်းတွေ ထွက်ပေါ်လာအောင်လည်း ကျွန်တော်တို့ ကြိုးစားခဲ့ကြပါတယ်။ အင်္ဂလန်က ကျွန်တော့်အတွက် အလွန်သက်သောင့်သက်သာရှိတဲ့နေရာလို့ ခံစားရပါတယ်။ ဘာတွေ ဖြစ်လာမလဲဆိုတာတော့ မသိပါဘူး။ ကျွန်တော်ကတော့ အရာအားလုံးအတွက် တံခါးဖွင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
လက်ရှိ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသော ဂျွန်မက်ဒါမော့တ်မှာ စပါးအသင်းတွင် ပိုချက်တီနိုနှင့် လက်တွဲခဲ့ဖူးသူဖြစ်သောကြောင့် ပိုချက်တီနိုအနေဖြင့် အင်္ဂလန်လက်ရွေးစင်နည်းပြ ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံနေရကြောင်းလည်း သိရသည်။