ဘာစီလိုနာ ဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက လီယွန်နယ်မက်ဆီ အနေနဲ့ ကလပ်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး အမြန်ဆုံး ဆုံးဖြတ်ချက် ချသွားရန် မျှော်လင့်မိတယ်လို့ ဆိုလိုက်ပြီး အာဂျင်တီးနား စူပါစတားကို နူးကမ့်မှာ ဆက်ထိန်းဖို့ ကြိုးစားရာမှာ ကစားသမားသစ် ဆာဂျီယိုအဂွေးရိုး ကလည်း ဝုိင်း၀န်း ကူညီပေးနေတယ်လို့ ထုတ်ဖော်လိုက် ပါတယ်။
ဘာစီလိုနာ နဲ့ မက်ဆီရဲ့ စာချုပ်ဟာ ဒီနွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဥက္ကဋ္ဌသစ် လာပေါ်တာဟာ အာဂျင်တီးနား ကြယ်ပွင့်နဲ့ စာချုပ် သက်တမ်းတိုးနိုင်ဖို့ အတွက် တောက်လျှောက် ချိတ်ဆက်ပြီး ကြိုးစားနေ ခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီက ကလပ်ကနေ ထွက်ခွာလိုကြောင်း သူ့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြသခဲ့ပြီး စာချုပ်အရ ကလပ် ကနေ ထွက်ခွာဖို့ အတွက် အဆင်ပြေခြင်း မရှိခဲ့တာကြောင့် စာချုပ်ကုန်တဲ့ထိ နူးကမ့်မှာ ဆက်ရှိနေယ်လို့ ဆိုခဲ့ပါတယ်။
လာပေါ်တာ ကတော့ ဘလွန်းဒီအော ၆ ဆုရှင် အနေနဲ့ ကလပ်မှာပဲ သူ့ရဲ့ အနာဂတ်ကို အာရုံစိုက် သွားလိမ့်မယ်လို့ ယုံကြည်မှု အပြည့် ရှိနေပြီး ကစားသမားသစ် အဂွေးရိုး ကလည်း သူ့ရဲ့ သူငယ်ချင်းကို ဘာစီလိုနာမှာ ဆက်နေအောင် စည်းရုံးလျက် ရှိနေတယ်လို့ ၀န်ခံလိုက်ပါတယ်။

ဘာစီလိုနာ ဥက္ကဋ္ဌက “မက်ဆီ အနေနဲ့ ‘တက်နိုင်သမျှ အမြန်ဆုံး စာချုပ်ချုပ် သွားမယ်’ လို့ ပြောတာကို ကျွန်တော် ကြားချင်ပါတယ်။ သူ့အနေနဲ့ ကျွန်တော်တို့ကို ဒီကိစ္စ အမြန်ဆုံး ပြတ်သွားဖို့ ကူညီပေးမယ်လို့ ထင်ပါတယ်။ အဂွေးရိုး ကလည်း ကူညီပေးလျက် ရှိနေပါတယ်။ သူဟာ မက်ဆီကို ဘာစီလိုနာမှာပဲ ဆက်နေဖို့ အတွက် နေ့တိုင်း နားချနေပါတယ်။” လို့ ပြောလိုက်ပါတယ်။
ဆက်လက်ပြီး လာပေါ်တာက သူ့ဘက်ကလည်း မက်ဆီနဲ့ နေ့တိုင်း နီးပါး စကားပြောဖြစ်နေတယ်လို့ ထုတ်ဖော် ခဲ့ပါသေးတယ်။
လာပေါ်တာ က “သူဟာ စိတ်လှုပ်ရှားနေပြီး ဒီမှာ ဆက်ရှိနေချင်တဲ့ ပုံစံတွေ ပြသပေးတဲ့ အတွက် ကျွန်တော် သူ့ကို ကျေးဇူးတင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

မက်ဆီရဲ့ စာချုပ်ဟာ ယခုလကုန်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့်လည်း ဘာကာ ဥက္ကဋ္ဌ ဘက်က အလောတကြီး ဖြစ်နေတာ ဖြစ်ပါတယ်။ အာဂျင်တီးနား စတားကို မန်စီးတီး နဲ့ ပီအက်ဂျီ တို့က စိတ်၀င်စားမှု ပြသနေပေမယ့်လည်း တရား၀င် ဆွေးနွေးမှုတွေတော့ မလုပ်ရသေးပါဘူး။ မက်ဆီဟာ လက်ရှိမှာ အာဂျင်တီးနားနဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲ ၀င်ရောက် ဆင်နွှဲလျက် ရှိနေပြီး ဒီပြိုင်ပွဲပြီးမှသာ အနာဂတ်နဲ့ ပက်သက်ပြီး ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဒီနွေရာသီ အပြောင်းအရွေ့မှာ ခြေသွက်လက်သွက် လှုပ်ရှားလျက် ရှိနေပြီး အဂွေးရိုး ၊ အဲရစ်ဂါစီယာ ၊ အီမာဆင်ရွိုင်ယယ် နဲ့ မက်ပစ်ဒီပိုင်း တို့ကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ လာပေါ်တာ ကတော့ ဒီလို ကစားသမားကောင်းတွေ ခေါ်ယူထားမှုဟာ မက်ဆီကို ဘာစီလိုနာမှာ ဆက်ရှိအောင် ဆွဲဆောင် နိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။