spot_img

အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံခဲ့ရပြီဟု မက်ဂွိုင်းရား အတည်ပြုခဲ့ပြီး အသင်းခေါင်းဆောင်သစ်ဖြစ်လာရန် ဘရူနိုဖာနန်ဒက်စ် ရေပန်းစားနေ

မန်ယူအသင်း၏နောက်ခံလူ မက်ဂွိုင်းရားက ၎င်းအနေဖြင့် အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံခဲ့ရပြီဟု တနင်္ဂနွေနေ့တွင် လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။

မက်ဂွိုင်းရား(၃၀ နှစ်)သည် မန်ယူအသင်းခေါင်း ဆောင်ရာထူးမှ ဖယ်ရှားခံရတော့မည်ဟု ပြီးခဲ့သည့်ရက် သတ္တပတ်ကတည်းက သတင်းထွက်နေခဲ့ပြီး ယခုအခါ နည်းပြ တန်ဟက်ဂ်က ၎င်းကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

myan789

“ဒီနေ့ မန်နေဂျာ(တန်ဟက်ဂ်)နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ သူက အသင်းခေါင်းဆောင် အပြောင်းအလဲလုပ်လိုက်ပြီလို့ ကျွန်တော့်ကို အသိပေးခဲ့ပါတယ်။ သူ့ရဲ့အကြောင်းပြချက်တွေကိုလည်း ကျွန်တော့်ကို အကြမ်းဖျင်းပြောပြခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ အခုလိုဖယ်ရှားခံခဲ့ရတဲ့အတွက် ကျွန်တော်အလွန် စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ဒီအသင်းရဲ့ အင်္ကျီကို ဝတ်ဆင်နေတဲ့ အချိန်တိုင်းမှာ အရာအားလုံးကို ဆက်ပြီးပေးဆပ်သွားမှာပါ။ ကျွန်တော် အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ခဲ့တဲ့အချိန်ကာလတွေမှာ ထောက်ခံအားပေးခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လွန်ခဲ့တဲ့(၃)နှစ်ခွဲ ဒီရာထူးကို စတင်ရယူချိန်ကတည်းက ဒါဟာ အလွန်ထူးခြားတဲ့အ ခွင့်အရေးတစ်ခုဖြစ်ခဲ့သလို၊ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ဂုဏ်ယူစရာအကောင်းဆုံး အခိုက်အတန့်တွေထဲကတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ ယူနိုက်တက်အသင်း အောင်မြင်မှုရရှိဖို့ တတ်နိုင်သမျှ ကူညီနိုင်မယ့် အရာအားလုံးကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော့်ကို ဒီတာဝန်ပထမဆုံးပေးအပ်ခဲ့တဲ့ ဆိုးလ်ရှားကိုလည်း အမြဲကျေးဇူးတင်နေမှာပါ။ ဒီရာထူးကို ရယူမယ့် ဘယ်သူပဲဖြစ်ဖြစ် အောင်မြင်မှုတွေရယူ နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်” ဟု မက်ဂွိုင်းရားက Twitter တွင် ရေးသားခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းကလည်း မက်ဂွိုင်းရား၏ ပြောကြားမှုကို အသင်းဝက်ဘ်ဆိုက်တွင် ပြန်လည်ဖော်ပြကာ အတည်ပြုခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် (၃)နှစ်ခွဲကာလ ဆောင်ရွက်ပေးခဲ့ခြင်းအတွက် မန်ယူအသင်းမှ လူပုဂ္ဂိုလ်အားလုံးက ကျေးဇူးတင်ရှိကြောင်းနှင့် နည်းပြ တန်ဟက်ဂ်အနေဖြင့် အသင်းခေါင်းဆောင်အသစ်ကို ကြေညာပေးသွားလိမ့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မက်ဂွိုင်းရားသည် ၂၀၁၉ နွေရာသီတွင် လက်စတာအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၂၀ ဇန်နဝါရီတွင် အသင်းခေါင်းဆောင်အဖြစ် စတင်ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ အက်ရှ်လေယန်း အသင်းပြောင်းရွှေ့သွားသည့်အတွက် နည်းပြ ဆိုးလ်ရှားက ၎င်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

နည်းပြတန်ဟက်ဂ် လက်ထက်တွင်မူ မက်ဂွိုင်းရားသည် စွမ်းဆောင်ရည်ကျဆင်းလာသည့်အတွက် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီးနောက် ယခုအခါ အသင်းခေါင်းဆောင်ရာထူးကို စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်။ တန်ဟက်ဂ်သည် နည်းပြသစ်ကို ၎င်းစိတ်ကြိုက် ရွေးချယ်မည်ဟု ပြောကြားထားပြီး ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular