မန်ယူအသင်း၏နည်းပြ အဲရစ်တန်ဟက်ဂ်က ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း အသင်း၏ ကစားပုံကို အားရကျေနပ်သည်ဟု ပြောကြားခဲ့သည်။
”ကျွန်တော့်အမြင်အရတော့ ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်က ကောင်းပါတယ်။ ကျွန်တော်တို့အသင်း အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို ကစားခဲ့တယ်။ ဒါပေမဲ့ အရာအားလုံးက ကျွန်တော်တို့ကို ဆန့်ကျင်နေခဲ့တယ်။ နိုင်ပွဲမရတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ ဘောလုံးပွဲတစ်ပွဲကို အနိုင်ရဖို့ဆိုတာ ကံကြမ္မာရဲ့ ဖေးကူမှုလည်း လိုအပ်ပါတယ်။ ဂါနာချိုရဲ့ဂိုးက ကျွန်တော့်အမြင်တော့ လူကျွံဘောမဟုတ်ပါဘူး။ VAR မှာ မြင်ရတဲ့ထောင့်က မှားနေပါတယ်။ ကျွန်တော် မြင်တဲ့ ရှုထောင့်အရဆိုရင် ဒါက လူကျွံဘောမဟုတ်ပါဘူး။ ဒါ့အပြင် ဟွိုင်လန်းကို ဖျက်ထုတ်မှုကနေ ကျွန်တော်တို့ ပယ်နယ်တီရခဲ့သင့်ပြီး ကျွန်တော်တို့ ပေးလိုက်ရတဲ့ ဂိုးမှာလည်း အီဗန်စ်က ပြစ်ဒဏ်ကျူးလွန်ခံရတဲ့ အနေအထားဖြစ်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ကိုယ့်အသင်းရတဲ့ အခွင့်အရေးကို အပိုင်အသုံးချစမ်းပါလို့ ပြောနိုင်သလို၊ ၁-၀ ဂိုးနဲ့ ဦးဆောင်ပြီးရင် အလွယ်တကူ ဂိုးပြန်မပေးသင့်ဘူးလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ပြီး နောက်တစ်လှမ်းကို လှမ်းလာနိုင်ပြီလို့ ထင်ပါတယ်။ အသင်းရဲ့ ကစားပုံမှာ အားလုံးအတူတူ ပါဝင်ခဲ့ကြပြီး ကျွန်တော့်အမြင် ဘောလုံးနဲ့အတူဆိုရင် ကျွန်တော့် ကစားသမားတွေ ပိုပြီးတည်ငြိမ်လာကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအပိုင်းက တိုးတက်လာဖို့လည်း လိုပါသေးတယ်။ ကျွန်တော်တို့ တိုက်စစ်ဇုန်မှာ ဘောလုံးပေးပို့မှုတွေအနည်းငယ် အားနည်းနေတာကို မြင်ရတယ်။ တိုက်စစ်က ဒီထက် ထက်မြက်ဖို့ လိုတာကိုလည်း မြင်ရတယ်။ ဒါပေမဲ့ အသင်းရဲ့ခြေစွမ်းကို ကျွန်တော် တကယ်အားရပါတယ်” ဟု အဲရစ်တန်ဟက်ဂ်က ပြောကြားခဲ့သည်။