နာပိုလီအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်းတစ်က အသင်း၏ အကောင်းဆုံးကစားသမားများဖြစ်သည့် တိုက်စစ်မှူး အိုဆင်မန်နှင့် တောင်ပံကစားသမား ခွာရတ်စကယ်လီယာတို့ကို မငြင်းနိုင်သည့်ကြေးများဖြင့် ကမ်းလှမ်းလာပါက ရောင်းချနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ယခုရာသီတွင် ရလဒ်ကောင်းများဆက်တိုက်ရရှိနေသည့် နာပိုလီအသင်းတွင် နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်နှင့် ဂျော်ဂျီယာတောင်ပံကစားသမား ခွာရတ်စကယ်လီယာတို့က အဓိကခြေစွမ်းပြလျက်ရှိသည်။
အိုဆင်မန်သည် ယခုရာသီပြိုင်ပွဲစုံ (၂၄) ပွဲတွင် ဂိုး (၂၀) သွင်းယူထားပြီး ခွာရတ်စကယ်လီယာမှာလည်း ပြိုင်ပွဲစုံ (၂၅) ပွဲ တွင် (၁၂) ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု (၁၅) ကြိမ်အထိ ပြုလုပ်ထားကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါကစားသမား (၂) ဦးကို ဥရောပထိပ်တန်းအသင်းကြီးများက လာမည့်နွေတွင် ခေါ်ယူရန် အပြိုင်ပစ်မှတ်ထားနေကြသည်။
အသက် (၂၄) နှစ်အရွယ်ရှိ အိုဆင်မန်အား မန်ယူ၊ ချယ်လ်ဆီးနှင့် ဘာစီလိုနာတို့က စိတ်ဝင်စားနေကြပြီး ခွာရတ်စကယ်လီယာကိုလည်း မန်စီးတီး၊ ရီးယဲလ်နှင့် နယူးကာဆယ်အသင်းတို့က ခေါ်ယူလိုနေကြောင်း သိရှိရသည်။

နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ်က ”ကျွန်တော်က စာချုပ်ချုပ်တဲ့နေရာမှာ တော်တဲ့သူပါ။ သူတို့ ဒီ(နာပိုလီ)ကို လာတုန်းက အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ သူတို့ကို အသင်းမှာထိန်းထားဖို့ မခက်ပါဘူး။ ဒါပေမဲ့ ဘာကိုမှ ကျိန်းသေပြောလို့မရပါဘူး။ တကယ်လို့ မငြင်းနိုင်တဲ့ ကြေးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ဘာဖြစ်မလဲ ဘယ်သူမှ မသိနိုင်ပါဘူး။ ကျွန်တော်ကတော့ သူတို့ကို အသင်းမှာ နှစ်တွေအကြာကြီး တောက်ပတာကို မြင်ချင်ပါတယ်”ဟု ပြောကြားခဲ့သည်။