ရီးယဲလ်အသင်း၏ ကစားသမားဟောင်း အီဒင်ဟာဇက်သည် ဥရောပကလပ်အသင်းများထံမှ ကမ်းလှမ်းမှု မရရှိသည့်အတွက် အသက်(၃၂)နှစ်အရွယ်မှာပင် ကစားသမားဘဝမှ အနားယူရန် စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။
ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်သည် ရီးယဲလ်အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရသည့်အတွက် ပြီးခဲ့သည့်ဇွန်လအတွင်း စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခဲ့သူဖြစ်သည်။
ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင် ယှဉ်ပြိုင်ကစားခဲ့စဉ်က ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုများ ရရှိသည်အထိ ခြေစွမ်းပြတောက်ပခဲ့သူဖြစ်ပြီး ယင်းကဲ့သို့ စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့်ပင် ရီးယဲလ်အသင်းက ၂၀၁၉ နွေရာသီတွင် ပေါင် (၈၉)သန်းဖြင့် ခေါ်ယူကာ တစ်ပတ်ပေါင်(၄၀၀၀၀၀) ပေးချေခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဆုကြေးများကိုပါ ထည့်တွက်ပါက ၎င်းင်း၏ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း(၁၅၀)နီးပါးအထိ ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် ဟာဇက်သည် ရီးယဲလ်ကစားသမားဘဝ ပထမဆုံးရာသီမှာပင် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး ပွဲပေါင်းများစွာ လွဲချော်ခဲ့ရသလို၊ နောက်ရာသီများတွင်လည်း ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် မူလစာချုပ်မှာ ၂၀၂၄ ခုနှစ်အထိ ဖြစ်သော်လည်း ယခုနွေရာသီတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ဟာဇက်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးကတည်းက လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သော်လည်း ကလပ်အသင်းကစားသမားအဖြစ် ဆက်လက်ဖြတ်သန်းရန် ဆန္ဒရှိခဲ့သည်။

သို့သော် ၎င်းက ဥရောပထိပ်တန်းလိဂ်များတွင်သာ ဆက်လက်ယှဉ်ပြိုင်လိုပြီး ၎င်းကို ဘယ်လ်ဂျီယံမှ အသင်းအချို့နှင့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကသာ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ဟာဇက်သည် အင်တာမိုင်ယာမီအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် ကစားသမားဘဝမှ အနားယူရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
ဟာဇက်သည် အသင်းလက်မဲ့ဖြစ်နေခြင်းကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သော်လည်း ၎င်း၏ ကြံ့ခိုင်မှုအနေအထားကြောင့် ဥရောပမှ ကမ်းလှမ်းမှုများ ရောက်ရှိမလာခြင်းဖြစ်ကြောင်း သိရသည်။

ဟာဇက်၏ အနားယူမည့်သတင်း ထွက်ပေါ်လာခြင်းအတွက် ပရိသတ်အများစုက အနားမယူသင့်သေးဘဲ ပြန်လည်ခြေစွမ်းပြနိုင်ရန် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းအားပေးခဲ့ကြပြီး ပရိသတ်အချို့က ဆော်ဒီလိဂ်သို့ သွားရောက်ကစားသင့်သည်ဟု အကြံပြုခဲ့ကြကြောင်းလည်း သိရသည်။
ဟာဇက်၏ မိသားစုမှာမူ မက်ဒရစ်တွင် အခြေကျနေပြီဖြစ်သောကြောင့် စပိန်တွင်သာ ဆက်လက်ယှဉ်ပြိုင်ကစားခွင့်ရရန် မျှော်လင့်ခဲ့ကြောင်း သိရသည်။
ဟာဇက်သည် ရီးယဲလ်ကစားသမားဘဝတွင် လာလီဂါချန်ပီယံဆု(၂)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်၊ စပိန်ဘုရင့်ဖလား(၁)ကြိမ် ရယူနိုင်ခဲ့သော်လည်း အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ(၇၆)ပွဲသာ ကစားခဲ့ရပြီး (၇)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ပြီးခဲ့သည့်နောက်ဆုံးရာသီတွင် ပြိုင်ပွဲစုံ(၁၀)ပွဲသာ ကစားခဲ့ရသည်။