ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ဥရောပစူပါလိဂ်စီမံကိန်းတွင် ပါဝင်ခြင်းအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ကို တောင်းပန်မည်မဟုတ်သလို၊ အပြစ်ပေးခံရပါက နိုင်ငံတကာအားကစားခုံရုံ(CAS)ထံ အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်း(မန်ယူ၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ စပါး)အပါအဝင် ဥရောပထိပ်တန်း (၁၂)သင်းသည် ပြီးခဲ့သည့် ဧပြီလက ဥရောပစူပါလိဂ်စီမံကိန်းကို ချပြခဲ့ပြီး လာမည့်သြဂုတ်လတွင် စတင်ကျင်းပရန် စီစဉ်ခဲ့သည်။
သို့သော် ဘောလုံးပရိသတ်များ၏ ပြင်းထန်စွာဆန့်ကွက်ဆန္ဒပြမှုကြောင့် ရက်ပိုင်းအကြာမှာပင် ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်းအပါအဝင် အင်တာမီလန်၊ အေစီမီလန်နှင့် အက်သလက်တီကိုအသင်းတို့သည် အဆိုပါပြိုင်ပွဲမှ နုတ်ထွက်ကြောင်း အသီးသီးကြေညာခဲ့ကြသည်။

သို့သော် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့မှာ အဆိုပါပြိုင်ပွဲမှနုတ်ထွက်ခြင်းမရှိသေးသလို၊ အနာဂတ်တွင် ယင်းကဲ့သို့ ပြိုင်ပွဲမျိုးဖန်တီးသွားမည်ဟု ကြေညာထားသဖြင့် UEFA က ၎င်းတို့(၃)သင်းကို စစ်ဆေးမှုများပြုလုပ်နေပြီး ဥရောပပြိုင်ပွဲ(ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ယူရိုပါကွန့်ဖရင့်လိဂ်)များမှ (၂)နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ချဖွယ်ရှိနေကြောင်း မီဒီယာများက ဖော်ပြနေကြသည်။
သို့သော် လာပေါ်တာက “ဥရောပစူပါလိဂ်စီမံကိန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တောင်းပန်မှာမဟုတ်ဘူးလို့ UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်ကို ကျွန်တော် ပြောပြီးသားပါ။ ပြီးတော့ အပြစ်ပေးတာကိုလည်း ခံယူမှာ မဟုတ်ပါဘူး။ တကယ်လို့ UEFA က ကျွန်တော်တို့ကို သူတို့ရဲ့ပြိုင်ပွဲတွေက ထုတ်ပယ်တာမျိုးလုပ်လာရင် ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအားကစားခုံရုံ(CAS)မှာ အယူခံဝင်သွားမှာပါ။ ကျွန်တော်တို့ နိုင်မယ်လို့လည်း ယုံကြည်မှုအပြည့်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် လာပေါ်တာက မိမိတို့အနေဖြင့် ဥရောပစူပါလိဂ်စီမံကိန်းကို လုပ်ပိုင်ခွင့်ရှိသည့်အတွက် လုပ်ခဲ့ခြင်းသာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။