ရီးယဲလ်မက်ဒရစ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဖလော်ရင်တီနိုပီရက်ဇ်က ဥရောပစူပါလိဂ်ပြိုင်ပွဲသည် ယခုအချိန်တွင် အဆုံးသတ်သွားခဲ့ပြီဖြစ်သော်လည်း ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် လက်မလျှော့သေးဘဲ မကြာမီ ယင်းကဲ့သို့ အလားတူ ပြိုင်ပွဲမျိုးဖြစ်လာရန် စီစဉ်ဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပီရက်ဇ်က အသင်း (၁၂)သင်းအနက် (၉)သင်း နုတ်ထွက်သွားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကလည်း ဥရောပစူပါလိဂ်ပြိုင်ပွဲသည် ဖြစ်လာရန် မရှိတော့ဟု ဝန်ခံထားသည့် အခြေအနေတွင် အသင်းများသည် စွန့်ခွာသွားခြင်းမျိုးမဟုတ်ဘဲ နောက်ဆုတ်လိုက်ခြင်းသာဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် ယခုအချိန်အထိ စီမံကိန်းကို မစွန့်လွှတ်သေး ကြောင်းပြောကြားခဲ့ပြီး “ဖြစ်သွားခဲ့တာတွေအတွက် ကျွန်တော် ဘာမှဖြေရှင်းနေစရာမရှိပါဘူး။ အရေးကြီးတာက သူတု့ိဟာ ဒီအစီအစဉ်ကို စွန့်လွှတ်သွားကြတာ မဟုတ်ပါဘူး။ ဒီအသင်းတွေထဲက တချို့က ဖိအားတွေကြောင့် နောက်ဆုတ်သွားခဲ့တဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်း ဒါမှမဟုတ် အလားတူ စီမံကိန်းမျိုးက ထပ်ပြီးထွက်ပေါ်လာဦးမှာပါ။ ကျွန်တော်တို့ ရှေ့ကို ဆက်သွားမှာဖြစ်ပြီး မကြာခင် ပေါ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု AS သတင်းစာနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ပီရက်ဇ်က AFP သတင်းဋ္ဌာနက စတင်ဖော်ပြခဲ့သော ယင်းစီမံကိန်း၏ နောက်ကွယ်တွင် အမေရိကန် နာမည်ကြီး ဘဏ်လုပ်ငန်းကြီးတစ်ခုဖြစ်သည့် JP Morgan ရှိနေပြီး စူပါလိဂ်ပြိုင်ပွဲဝင်မည့် ကလပ်အသင်းများကို ငွေကြေးထောက်ပံ့ပေးမည်ဆိုသည့် သတင်းများကိုလည်း ငြင်းဆန်ပယ်ချခဲ့သည်။
ဥရောပစူပါလိဂ်ပြိုင်ပွဲကဲ့သို့ ကြီးကျယ်ခမ်းနားသည့် ပြိုင်ပွဲသစ်ကြီးကို ကမကထပြုချင်သည့် ငွေကြေးလုပ်ငန်းရှင်များစွာရှိနေသည်ဟု ၎င်းကဆိုခဲ့ပြီး ယင်းပြိုင်ပွဲသည် အနာဂတ်တွင် သေချာပေါက်ရှိလာမည့် ပြိုင်ပွဲမျိုးဖြစ်သည်ဟုလည်း သုံးသပ်ခဲ့သည်။
ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် အင်္ဂလိပ်ကလပ်အသင်း (၆)သင်း၏ ပရိသတ်များက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပြီးနောက် အင်္ဂလန်ကလပ်များ နုတ်ထွက်ခဲ့ပြီး အစီအစဉ် ပျက်စီးသွားခဲ့ခြင်းလည်းဖြစ်သည်။