၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းများမိတ်ဆက်
အုပ်စု (A)
နယ်သာလန်
ကမ္ဘာ့ဖလားသမိုင်း
– ယှဉ်ပြိုင်ခဲ့သည့်အကြိမ် – (၁၁) ကြိမ်
– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု – ခြေစစ်ပွဲမအောင်
– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – ဒုတိယ (၁၉၇၄၊ ၁၉၇၈၊၂၀၁၀)
– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၅၀) ပွဲကစား၊ (၂၇) ပွဲနိုင်၊ (၁၂) ပွဲသရေ၊ (၁၁) ပွဲရှုံး
– ကမ္ဘာ့အဆင့်
အဆင့် – (၈)၊ ရမှတ် – ၁၆၉၄
လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား
ဒီပိုင်း – (၈၁) ပွဲ
လက်ရှိသွင်းဂိုးအများဆုံး ကစားသမား
ဒီပိုင်း – (၄၂) ဂိုး
သမိုင်းကြောင်း
နယ်သာလန်အသင်း၏ ကမ္ဘာ့ဖလားသမိုင်းကို ပြန်ကြည့်လျှင် ဗိုလ်လုပွဲသို့ အကြိမ်အများဆုံးရောက်ရှိပြီး ချန်ပီယံဆုဖလားမရယူနိုင်သည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေခြင်းက ထူးခြားသည့်သာဓကတစ်ခုဖြစ်ခဲ့သည်။ ၂၀၁၀ ပြိုင်ပွဲမှာ မမျှော်လင့်ဘဲ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်ဟု ဆိုလျှင်ပင် Total Football ခေတ်တစ်ခေတ်ကို ဖန်တီးခဲ့သည့် ယိုဟန်ခရိုက်ဖ်တို့ခေတ်တွင် ၁၉၇၄၊ ၁၉၇၈ ပြိုင်ပွဲ(၂)ကြိမ်ဆက် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်က ကံကြမ္မာကို ယိုးမယ်ဖွဲ့ရမည့် အခြေအနေဖြစ်ခဲ့သည်။ Oranjie ဟု နာမည်ပြောင်ရထားသည့် နယ်သာလန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းတွင် မည်သည့်အခြေအနေမျိုးတွင် ရှိလင့်ကစားမည်သူမျှ လျှော့မတွက်ခဲ့ကြပေ။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့သော်လည်း လက်ရှိအသင်းက စုဖွဲ့မှုအသစ်ဖြင့် ပြန်လာခဲ့ပြီဖြစ်သည်။
လက်ရှိအခြေအနေ
ပြီးခဲ့သည့်နှစ် ယူရိုပြိုင်ပွဲတွင် နယ်သာလန်အသင်းက အထင်ကြီးထားသကဲ့သို့ မည်မည်ရရ မစွမ်းဆောင်နိုင်ခဲ့။ သို့သော် လက်ရှိလူအင်အားက ယူရိုပြိုင်ပွဲထက် ပိုမိုတောင့်တင်းလာသည်။ ခံစစ်ပိုင်းက နယ်သာလန်အသင်း၏အားသာချက်ဟု ဆိုရမည်။ တစ်နေရာတွင် ဒေါင်ဒေါင်မြည်ကစားသမား (၂)ဦးနှုန်း အနည်းဆုံးရှိနေပြီး နည်းပြ လူးဝစ်ဗန်ဟားလ်အတွက် အပြီးသတ်လူစာရင်း ရွေးချယ်ရာတွင်ပင် ခေါင်းရှုပ်ရမည့်အနေ အထားဖြစ်သည်။ ကွင်းလယ်နှင့် တိုက်စစ်ပိုင်းတွင်မူ အခြားပြိုင်ဘက်အသင်းကြီးနှင့်ယှဉ်လျှင် အနည်းငယ်လျော့ကျနေသည်။ သို့သော် ဂက်ပို၊ ဒန်ဂျူမာစသည့် လူငယ်ကစားသမားများ ထပ်မံထွက်ပေါ်လာမှုကြောင့် တိုက်စစ်ပိုင်းအတွက် စိတ်သက်သာရာရစေပြီး ကွင်းလယ်ကလည်း ဖရန်ကီဒီယွန်းက ထိန်းကျောင်း ကစားသွားနိုင်သည့် အရည်အသွေးရှိသည်။
အုပ်စုအလားအလာ
အုပ်စုအနေအထားအရ နယ်သာလန်အသင်းအတွက် ကံကြမ္မာက မျက်နှာသာပေးထားသည်ဟု ဆိုရမည်။ အုပ်စုခေါင်အသင်းအဖြစ် သတ်မှတ်ခံခဲ့ရသည့် အိမ်ရှင် ကာတာအသင်း ပါဝင်သည့်အုပ်စုတွင် ကျရောက်ခဲ့ခြင်းကြောင့် နယ်သာလန် အသင်းအတွက် နောက်တစ်ဆင့်တက်ရောက်ရန် ဖိအားလျော့ကျခဲ့ရသည်။ ပွဲစဉ်အနေအထားအရ အဓိကဒုက္ခအပေးနိုင်ဆုံး ဆီနီဂေါအသင်းနှင့် အဖွင့်ပွဲကစားရမည်ဖြစ်သောကြောင့် တာထွက်လှရန် လိုအပ်ပေသည်။ တစ်ဖက်အုပ်စု (B) မှ အင်္ဂလန်အသင်းကိုလည်း ရှောင်ရှားရမည်ဖြစ်သောကြောင့် နယ်သာလန်အသင်းအနေဖြင့် မလွဲမသွေ အုပ်စုပထမရရေးသာ ကြိုးစားကစားရမည့်အခြေအနေဖြစ်သည်။ အုပ်စုပြိုင်ဘက်အသင်းများ အနေအထားအရ နယ်သာလန်အသင်းအတွက် အမှားအယွင်း ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။
ဆီနီဂေါ
ကမ္ဘာ့ဖလားသမိုင်း
– ယှဉ်ပြိုင်ခဲ့သည့်အကြိမ် – (၃) ကြိမ်
– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားရပ်တည်မှု -အုပ်စု
– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – ကွာတားဖိုင်နယ် (၂၀၀၂)
– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၈) ပွဲကစား၊ (၃) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၂) ပွဲရှုံး
– ကမ္ဘာ့အဆင့်
အဆင့် – (၁၈)၊ ရမှတ် – ၁၅၈၄
– လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား
မာနေ – (၉၂) ပွဲ
လက်ရှိသွင်းဂိုးအများဆုံး ကစားသမား
မာနေ – (၃၄) ဂိုး
ဆီနီဂေါအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို တတိယအကြိမ်မြောက် ခြေစစ်ပွဲအောင်မြင်လာခြင်းဖြစ်သည်။ သို့သော်လည်း ဆီနီဂေါအသင်းဟုဆိုလျှင် လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို အုပ်စုအဖွင့်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုသာ ဘောလုံးပရိသတ်တွေက အမှတ်တရရှိကြသည်။ ဆီနီဂေါအသင်း၏ လက်ရှိလူအင်အားက ၂၀၀၂ ပြိုင်ပွဲဝင်အသင်းထက် များစွာသာလွန်သည်။ မာနေ၊ ကူလီဘလီ၊ မန်ဒီ၊ ဂေးယီစသည့် ကမ္ဘာ့အဆင့်တန်းရောက်နေသည့် ကစားသမားများနှင့် စုဖွဲ့ထားမှုကြောင့် ဆီနီဂေါအသင်းက အထင်ကြီးစရာကောင်းနေသည်။ နယ်သာလန်အသင်းနှင့် အုပ်စုအဖွင့်ပွဲတွင် ထိပ်တိုက်ရင်ဆိုင်ရသည်က ဆီနီဂေါအတွက် ဖိအားများသော်လည်း ကျန်သည့် (၂)ပွဲ၌ အမှားအယွင်းဖြစ်နိုင်ခြေက အတော်လေးနည်းပါးလှသည်။ အိမ်ရှင် ကာတာ၊ အီကွေဒေါအသင်းများနှင့် ကစားမည့်ပွဲများက ဆီနီဂေါအတွက် နောက်တစ်ဆင့်တက်ရန် လုံလောက်သည့်အမှတ်များ ရရှိလိမ့်မည်ဖြစ်သည်။
အီကွေဒေါ
ကမ္ဘာ့ဖလားသမိုင်း
– ယှဉ်ပြိုင်ခဲ့သည့်အကြိမ် – (၄) ကြိမ်
– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု – ခြေစစ်ပွဲမအောင်
– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – ရှုံးထွက် ၁၆ သင်း (၂၀၀၆)
– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၁၀) ပွဲကစား၊ (၄) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၅) ပွဲရှုံး
– ကမ္ဘာ့အဆင့်
အဆင့် – (၄၄)၊ ရမှတ် – ၁၄၆၄
– လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား
အန်နာဗလင်စီယာ – (၇၄) ပွဲ
– လက်ရှိသွင်းဂိုးအများဆုံး ကစားသမား
အန်နာဗလင်စီယာ – (၃၅)ဂိုး
အီကွေဒေါအသင်းသည် အသင်းသမိုင်းတစ်လျှောက် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့်(၃)ကြိမ်တွင် (၁၆)သင်းအဆင့် တက်ရောက်နိုင်သည်က အမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်ပြီး ယခုပြိုင်ပွဲတွင်လည်း အီကွေဒေါအသင်းကို ယင်းအဆင့်ထက် ပိုမျှော်လင့်လို့ မရသည့်အနေအထားပင်။ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲများတွင် အီကွေဒေါအသင်းက ဘရာဇီးလ်၊ အာဂျင်တီးနားအသင်းများနောက် ခြေစွမ်းအတည်ငြိမ်ဆုံးဖြစ်ခဲ့သည်။ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း အန်နာဗလင်စီယာ၊ ဘရိုက်တန်အသင်းက ကိုင်စီဒိုနှင့် အက်စတူပီနန်တို့သာ နာမည်ကြီးကစားသမားပါဝင်သည့် အီကွေဒေါအသင်းအနေဖြင့် နယ်သာလန်၊ ဆီနီဂေါအသင်းများကို ကျော်ဖြတ်ရန်မှာမူ ခဲယဉ်းလွန်းလှသည်။ တတိယနေရာသည်သာ အီကွေဒေါအသင်းအတွက် အသင့်တော်ဆုံးဖြစ်လိမ့်မည်။
ကာတာ
ကမ္ဘာ့ဖလားသမိုင်း
– ယှဉ်ပြိုင်ခဲ့သည့်အကြိမ် – မရှိ
– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု – ခြေစစ်ပွဲမအောင်
– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – မရှိ
– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (-) ပွဲကစား၊ (-) ပွဲနိုင်၊ (-) ပွဲသရေ၊ (-) ပွဲရှုံး
– ကမ္ဘာ့အဆင့်
အဆင့် – (၅၀)၊ ရမှတ် – ၁၄၃၉
– လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား
အယ်လ်ဟေဒေါ့စ် – (၁၆၈) ပွဲ
– လက်ရှိသွင်းဂိုးအများဆုံး ကစားသမား
အယ်လ်မို့ဇ်အလီ- (၄၀) ဂိုး
ကမ္ဘာ့ဖလားပြိုင်ပွဲကိုသာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းကြောင့်သာ ကာတာအနေဖြင့် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ စပိန်လူမျိုးနည်းပြ ဖီးလစ်ဆန်းချက်ဇ်၏ ဦးဆောင်မှုတွင် ကာလကြာရှည် ပြင်ဆင်ထားသည့်အသင်းဖြစ်သော်လည်း အိမ်ရှင်အခွင့်အရေးမှအပ ကျန်သည့်အပိုင်းအားလုံးတွင် ချို့ယွင်းချက်များ ရှိနေသည်။ အုပ်စုတွင်းတွင် အီကွေဒေါ၊ ဆီနီဂေါကဲ့သို့ ကြံ့ခိုင်မှုအသားပေးကစားသည့်အသင်းများ ပါဝင်နေသဖြင့် မာမာထန်ထန်ကစားတတ်သည့် ကာတာအသင်းအတွက်အုပ်စုတက်ရန် ပိုမို၍အခွင့်အလမ်းနည်းနေသည်။ ပွဲစဉ်အနေအထားအရ အသင်းကြီး နယ်သာလန်နှင့် နောက်ဆုံးပွဲစဉ်တွင်မှ တွေ့ဆုံရမည်ဖြစ်သော်လည်း ယခုကမ္ဘာ့ဖလားတွင် အမှတ်(၃)မှတ်၊ သို့မဟုတ်အုပ်စုတတိယနေရာရလျှင်ပင် အသင်းအတွက် ကြီးမားသည့် အောင်မြင်မှုဟု ဆိုရမည်။