Group (G)
ဘရာဇီးလ်
သမိုင်းကြောင်း
ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် ဘရာဇီးလ်အသင်း၏မှတ်တိုင်က မည်သည့်ပြိုင်ဘက်အသင်းကမျှ အန်မတုနိုင်တော့သည့် ပြယုဂ်တစ်ခုဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဖလားချန်ပီယံဆုကို (၅)ကြိမ်အထိ ရယူထားပြီး ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းအဖြစ် ဘရာဇီးလ်အသင်း ရပ်တည်နေသည်မှာလည်း ဆယ်စုနှစ်(၅)ခုကျော်မျှ ရှိနေသည်။ ၂၀၀၂ ကိုရီးယား/ဂျပန် ကမ္ဘာ့ဖလားနောက်ပိုင်းတွင် ချန်ပီယံဆုနှင့် ဘရာဇီးလ်အသင်း ဝေးကွာနေသော်လည်း ပြီးခဲ့သည့်ပြိုင်ပွဲ(၄)ကြိမ်တွင် အနိမ့်ဆုံးကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့သည်။ အိမ်ရှင်အဖြစ်ကျင်းပသည့် ၂၀၁၄ ပြိုင်ပွဲတွင် ဘရာဇီးလ်အ သင်းကို မျှော်လင့်ချက်များစွာထားရှိခဲ့သော်လည်း စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရပြီး ချန်ပီယံဆုနှင့် ဆယ်စုနှစ်(၂)ခုကြာ ဝေးကွာလျက်ရှိသည်။
လက်ရှိအခြေအနေ
ဘရာဇီးလ်အသင်းက နည်းပြ ထိထီလက်အောက်တွင် အတည်ငြိမ်ဆုံးဖြစ်နေပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ ထိပ်ဆုံးနေရာပြန်ရောက်ကာ ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည်။ ဘွတ်ကီဒိုင်များ၏ အလေးပေးချက်တွင် ဘရာဇီးလ်အသင်း လွယ်လွယ်ကူကူ ထိပ်ဆုံးတွင်ရှိခဲ့ခြင်းတော့မဟုတ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အသင်းနည်းပြအဖြစ် စတင်တာဝန်ယူခဲ့သည့် နည်းပြ ထိထီက အစောပိုင်းကာလတွင် ပွဲထွက်စာရင်း တည်ငြိမ်မှုကို ဦးစားပေးတည်ဆောက်ခဲ့ပြီး လက်ရှိတွင်လည်း သူ၏အသင်း Line-up က အပြောင်းအလဲနည်းလှသည်။ နောက်ပိုင်းနှစ်များတွင် တိုက်စစ်ကြယ်ပွင့်သစ်များ ပေါ်ထွက်လာမှုက ထိထီအတွက် အမြတ်ဖြစ်ပြီး သူ၏အသင်းကို ကမ္ဘာ့ဖလားအတွက် စိန်ခေါ်နိုင်ဆုံးအသင်းအဖြစ် လက်ခံလာခဲ့ကြသည်။ လက်ရှိ ဘရာဇီးလ်အသင်းတွင် အားနည်းချက်ဆို၍ Full Back နေရာများသာ ထောက်ပြစရာရှိပြီး ကျန်သည့်အပိုင်းတွင်မူ ဒေါင်ဒေါင်မြည်အင်အားစုကို ပိုင်ဆိုင်ထားသည်။
အုပ်စုအလားအလာ
အုပ်စုအနေအထားအရမူ ဘရာဇီးလ်အသင်းအတွက် အခက်အခဲမရှိနိုင်သည့်အုပ်စုဖြစ်သည်။ သို့သော် အုပ်စုတွင်းပြိုင်ဘက်အသင်းများတွင် အိမ်ဖြည့်အဆင့်ပုံစံမျိုးအသင်း မပါဝင်သည်က အနည်းငယ်တော့ သတိထားရဖွယ်ရှိသည်။ အုပ်စုဒုတိယနေရာအတွက် အပြိုင်လုရဖွယ်ရှိသည့် ဆားဘီးယား၊ ဆွစ်ဇာလန်အသင်းများနှင့် အဖွင့်(၂)ပွဲဆက်တိုက် ကစားရမည်ဖြစ်သောကြောင့် ဘရာဇီးလ်အသင်းအတွက် အာရုံစိုက်ကစားမှတော်ကာကျမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘရာဇီးလ်အနေဖြင့် နောက်တစ်ဆင့်တွင် ပေါ်တူဂီ၊ ဥရုဂွေးတို့နှင့် စတင်တွေ့ဆုံနိုင်သောကြောင့် ဗိုလ်လုပွဲလမ်းကြောင်းမှာ ခက်ခဲမည်ပင်။
ကမ္ဘာ့ဖလားသမိုင်း
– ယှဉ်ပြိုင်သည့်အကြိမ် – (၂၂) ကြိမ်
– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားရပ်တည်မှု – ကွာတားဖိုင်နယ်
– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – ချန်ပီယံ (၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄၊ ၂၀၀၂)
– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၁၀၉)ပွဲကစား၊ (၇၃)ပွဲနိုင်၊ (၁၈)ပွဲသရေ၊ (၁၈)ပွဲရှုံး
ကမ္ဘာ့အဆင့်
အဆင့် – (၁)၊ ရမှတ် – ၁၈၄၁
လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား
ဒန်နီအဲလ်ဗက်စ် – (၁၂၄) ပွဲ
လက်ရှိသွင်းဂိုးအများဆုံး ကစားသမား
နေမာ – (၇၅) ဂိုး
ဆွစ်ဇာလန်
ဆွစ်ဇာလန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံး(၅)ကြိမ်ဆက်အပါအဝင် (၁၂)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။ ပြီးခဲ့သည့်ပြိုင်ပွဲ(၄)ကြိမ်တွင် ၂၀၁၀ ပြိုင်ပွဲမှအပ ကျန်ပြိုင်ပွဲ(၃)ကြိမ်တွင် ဆွစ်ဇာလန်အသင်း အုပ်စုအဆင့်ကို ကျော်လွန်နိုင်ခဲ့သည်။ ၃-၅-၂ ကို အဓိကအခြေခံထားသည့် ဆွစ်ဇာလန်အသင်း၏ကစားကွက်တွင် ကစားသမားအများစုက ကာလကြာရှည်တွဲကစားလာသောကြောင့် နားလည်မှုမှာလည်း အတော်လေးရှိနေသည်။ ယင်းအချက်ကို ပြီးခဲ့သည့်နှစ် ယူရိုပြိုင်ပွဲတွင် တွေ့မြင်ခဲ့ရသည်။ (၁၆)သင်းအဆင့်တွင် ပြင်သစ်အသင်း၏ ချန်ပီယံအိပ်မက်ကို ဖျက်ဆီးခဲ့ပြီး ကွာတားတွင်လည်း စပိန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင်မှ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ အုပ်စုဒုတိယနေရာအတွက် ဆွစ်ဇာလန်အသင်း အကြိတ်အနယ်ကစားရမည်ဖြစ်ပြီး ကင်မရွန်းနှင့်သာ အုပ်စုအဖွင့်ပွဲကစားရသည်က ဆုလာဘ်တစ်ခုပင်ဖြစ်သည်။ အစဉ်အလာအရ ဒုတိယနေရာက ဆွစ်ဇာလန်အတွက် နှာတစ်ဖျားသာနိုင်သည်။
ကမ္ဘာ့ဖလားသမိုင်း
– ယှဉ်ပြိုင်သည့်အကြိမ် – (၁၁) ကြိမ်
– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု – ရှုံးထွက် (၁၆)သင်းအဆင့်
– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – ကွာတားဖိုင်နယ် (၁၉၃၄၊ ၁၉၃၈၊ ၁၉၅၄၊ )
– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၃၇)ပွဲကစား၊ (၁၂)ပွဲနိုင်၊ (၈)ပွဲသရေ၊ (၁၇)ပွဲရှုံး
ကမ္ဘာ့အဆင့်
အဆင့် – (၁၅)၊ ရမှတ် – ၁၆၃၅
လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား
ရှာကီရီ – (၁၀၈) ပွဲ
လက်ရှိသွင်းဂိုးအများဆုံး ကစားသမား
ရှာကီရီ – (၂၆) ဂိုး
ဆားဘီးယား
ဆားဘီးယားနိုင်ငံအဖြစ် သီးခြားကျန်ရှိပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး(၄)ကြိမ်တွင် တတိယအကြိမ်မြောက် ခြေစစ်ပွဲအောင်လာခြင်းဖြစ်သည်။ သို့သော် ပြိုင်ပွဲဝင်ခွင့်ရသည့် ၂၀၁၀ နှင့် ၂၀၁၈ နှစ်ကြိမ်စလုံး ဆားဘီးယားအသင်း အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။ ယခုတစ်ကြိမ်တွင်မူ ကစားသမားအင်အားကြောင့် ဆားဘီးယားအသင်းကို လျှော့မတွက်ရဲကြ။ အပြီးသတ်(၂၆)ဦးစာရင်းတွင် စီးရီးအေအခြေစိုက် (၁၁)ဦးအထိ ပါဝင်ပြီး ဗလာဟိုဗစ်၊ မီထရိုဗစ်၊ ယိုဗစ်၊ ကော့စတစ်၊ မီလင်ကိုဗစ်တို့ပါဝင်သည့် လူစာရင်းက အုပ်စုတွင်းအသင်းများကို စိန်ခေါ်နိုင်စွမ်းအပြည့်ရှိသည်။ ခြေစစ်ပွဲအုပ်စုတွင် ပေါ်တူဂီအသင်းကို ကျော်ဖြတ်ပြီး အုပ်စုပထမနေရာရသည်က ဆားဘီးယား၏အရည်အသွေးကို လှစ်ဟပြနေပြီး အုပ်စုဒုတိယနေရာအတွက်မူ ဆွစ်ဇာလန်အသင်းနှင့် အဓိကယှဉ်လုရမည့်အနေအထားတွင် ရှိနေသည်။
ကမ္ဘာ့ဖလားသမိုင်း
– ယှဉ်ပြိုင်သည့်အကြိမ် – (၁၃) ကြိမ်
– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု – အုပ်စု
– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – စတုတ္ထ (၁၉၆၂)
– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၄၆) ပွဲကစား၊ (၁၈) ပွဲနိုင်၊ (၈) ပွဲသရေ၊ (၂၀) ပွဲရှုံး
ကမ္ဘာ့အဆင့်
အဆင့် – (၂၁)၊ ရမှတ် – ၁၅၆၃
လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား
တာဒစ် – (၉၀) ပွဲ
လက်ရှိသွင်းဂိုးအများဆုံး ကစားသမား
မီထရိုဗစ် – (၅၀) ဂိုး
ကင်မရွန်း
ကမ္ဘာ့ဖလားခြေစစ်ပွဲ အာဖရိကဇုန်တွင် ကင်မရွန်းအသင်းကို ခြေစစ်ပွဲအောင်မြင်မည့်အသင်းအဖြစ် သိပ်မမျှော်လင့်ထားခဲ့ကြပေ။ သို့သော် အုပ်စုတွင်းတွင် အိုင်ဗရီကို့စ်၊ Play-off အဆင့်တွင် အယ်လ်ဂျီးရီးယားတို့ကို ကျော်ဖြတ်ပြီး ကာတာကမ္ဘာ့ ဖလားဝင်ခွင့်ကို ကင်မရွန်းအသင်း ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်နေသည့် အီတူးက သူ၏နိုင်ငံအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်သည့်အသင်းဟု ကြွားလုံးထုတ်ထားသည်။ အစဉ်အလာပိုင်းတွင်မူ ကင်မရွန်းအသင်းမှာ ပြိုင်ပွဲနောက်ဆုံး(၅)ကြိမ်ဆက် အုပ်စုအဆင့်မှ လှည့်ပြန်ထားရသည်။ ဥရောပထိပ်တန်းလိဂ်များတွင်ကစားနေသူအချို့ ပါဝင်သော်လည်း အုပ်စုတွင်းပြိုင်ဘက်များနှင့်ယှဉ်လျှင် အနည်းငယ်အားနည်းနေသည်။ ကင်မရွန်းအသင်း နောက်တစ်ဆင့်တက်ရန် ရာခိုင်နှုန်းအလွန် နည်းပါးသည်။
ကမ္ဘာ့ဖလားသမိုင်း
– ယှဉ်ပြိုင်သည့်အကြိမ် – (၈)ကြိမ်
– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု – ခြေစစ်ပွဲမအောင်
– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – ကွာတားဖိုင်နယ်(၁၉၉၀)
– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၂၃) ပွဲကစား၊ (၄) ပွဲနိုင်၊ (၇) ပွဲသရေ၊ (၁၂) ပွဲရှုံး
ကမ္ဘာ့အဆင့်
အဆင့် – (၄၃)၊ ရမှတ် – ၁၄၇၁
လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား
အဘူဘာကာ – (၈၈) ပွဲ
လက်ရှိသွင်းဂိုးအများဆုံး ကစားသမား
အဘူဘာကာ – (၃၃) ဂိုး