spot_img

စပါးအသင်းအောင်မြင်မှုရရှိရေးအတွက် ရာနှုန်းပြည့်အာရုံစိုက်သွားမည်ဟု ပရိသတ်များကို ဟာရီကိန်း ကတိပေး

စပါးတိုက်စစ်မှူး ဟာရီကိန်းက ယခုရာသီတွင် အသင်းအောင်မြင်မှုရရေး ကူညီရာတွင် ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်သွားမည်ဟုလည်း ကတိပေးခဲ့သည်။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနှင့် အပြောင်းအရွှေ့သတင်းများထွက်ခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းက စပါးအသင်းတွင်သာ ဆက်လက်ကစားသွားမည်ဟု သူ၏ Facebook စာမျက်နှာမှတစ်ဆင့် အတည်ပြုကြေညာခဲ့ပြီးနောက် ယင်းကဲ့သို့ ကတိပေးခဲ့ခြင်းဖြစ်သည်။

myan789

”တနင်္ဂနွေနေ့က စပါးပရိသတ်တွေ ကျွန်တော့်ကို ကြိုဆိုမှုက မယုံကြည်နိုင်လောက်အောင်ပါပဲ။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ကျွန်တော့်ကို ထောက်ခံအားပေးကြတဲ့ မက်ဆေ့ချ်တချို့ကိုလည်း ဖတ်ရပါတယ်။ ဒီ နွေရာသီမှာ စပါးအသင်းမှာပဲ ကျွန်တော် ဆက်ရှိနေပါလိမ့်မယ်။ အသင်း အောင်မြင်မှုတွေရဖို့ ကူညီရာမှာ ရာနှုန်းပြည့် အာရုံစိုက်ထားပါ့မယ်”ဟု ဟာရီကိန်းက သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

မန်စီးတီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဟာရီကိန်းကို ခေါ်ယူနိုင်ရန်အတွက် တောက်လျှောက်ကြိုးပမ်းခဲ့ပြီး ကစားသမားကိုယ်တိုင်မှာလည်း အသင်းမှထွက်ခွာရန် ဆန္ဒရှိသည်ဟု တရားဝင်ပြောကြားခဲ့သည်။

သို့သော် စပါးအသင်းဥက္ကဋ္ဌ လီဗီက ၎င်းကို အသင်းတွင် ဆက်လက်ရှိနေရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပြီး မန်စီးတီးအသင်း၏ ပေါင် ၁၂၅ သန်းတန် ကမ်းလှမ်းမှုကိုပင် ပယ်ချခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဟာရီကိန်းသည် စပါးအသင်းနှင့် ၂၀၁၈ ခုနှစ်က ခြောက်နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်မှာ သုံးနှစ်သက်တမ်းကျန်ရှိနေကြောင်း သိရသည်။

၂၀၁၁-၁၂ ရာသီတွင် စပါးအသင်းနှင့် ပွဲဦးထွက်ခဲ့သူ ဟာရီကိန်းအနေဖြင့် လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၃၃၇ ပွဲကစားကာ ၂၂၁ ဂိုးအထိ သွင်းယူပေးထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်တင်ထားသည့် ဂျင်မီဂရေ့ဗ်စ်နှင့် ၄၅ ဂိုးသာ ကွာဟကာ ဒုတိယဂိုးအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

ဟာရီကိန်း အသင်းတွင်ဆက်ရှိနေမှုနှင့်ပတ်သက်ပြီး နည်းပြသစ် နူနိုဆန်တိုက အလွန်ကောင်းသည့်သတင်းဟု ပါကို့စ်ဖရဲရားနှင့်ကစားမည့် ကွန်းဖရန့်လိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဟာရီကိန်း၏ထုတ်ပြန်ချက်၌ နွေရာသီဟု ရေးသားထားသောကြောင့် လာမည့်ဇန်နဝါရီလတွင် အသင်းပြောင်းရွှေ့နိုင်သလားဟု မေးမြန်းမှုအပေါ် နူနိုဆန်တိုက ”ကျွန်တော် ဘာမှမစိုးရိမ်ပါဘူး။ တစ်နေ့ချင်းသွားရမှာပါ။ သူဟာ မနက်ဖြန်အတွက် ရွေးချယ်စရာတစ်ဦးပါ။ ဒါဟာ တစ်ခုတည်းသော ကျွန်တော်တွေးတဲ့ အကြောင်းအရာပါပဲ။ အသင်းကို ကူညီနိုင်ဖို့ အကောင်းဆုံးဆုံးဖြတ်ချက်နိုင်ရေး ကြိုးစားနေပါတယ်။ ဟာရီဟာ မနက်ဖြန်အတွက် ရွေးချယ်စရာတွေထဲက တစ်ဦးပါ”ဟု တုံ့ပြန်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular