စပါးအသင်းနည်းပြသစ် အန်တိုနီယိုကွန်တီသည် ၎င်း၏ပထမဆုံးပွဲအဖြစ် ကြာ သပတေးနေ့က ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရာ နိုင်ပွဲရရှိခဲ့ကြောင်း သိရသည်။
ယူရိုပါကွန်ဖရင့်လိဂ် အုပ်စုပွဲစဉ် ၄ အဖြစ် စပါးနှင့် နယ်သာလန်ကလပ် ဗွီတက်ဆီအသင်းတို့ လန်ဒန်မြို့၌ ယှဉ်ပြိုင်ကစားရာ စပါးအသင်းက ပထမပိုင်းတွင်သွင်းယူသည့် ဂိုးများနှင့်အတူ (၃-၂) ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ စပါးအသင်းအတွက် ဂိုးများကို ၁၄ မိနစ်တွင် ဆွန်ဟောင်မင်၊ ၂၂ မိနစ်တွင် လူး ကပ်စ်မော်ရာနှင့် ၂၈ မိနစ်တွင် ဗွီတက်ဆီ အသင်းနောက်ခံလူ ရက်စ်မက်ဆန် (OG) တို့က သွင်းယူပေးခဲ့ပြီး ၃၂၊ ၃၉ မိနစ်တွင်နှစ်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရသည်။
ဒုတိယပိုင်း ၅၉ မိနစ်တွင် နောက်ခံလူ ရိုမဲရိုး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသောကြောင့် စပါးအသင်း တစ်ယောက်လျော့သွားသော်လည်း အနိုင် ရလဒ်ကို ထိန်းကစားနိုင်ခဲ့ပြီး မိနစ် ၈၀ တွင် ဗွီတက်ဆီနောက်ခံလူ ဒိုခီနှင့် ၈၄ မိနစ်တွင် ဂိုးသမား ရှူဘတ်တို့လည်း ထုတ်ပယ်ခံရသဖြင့် ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့သည်။ ကွန်တီသည် ၎င်းအားသန်သည့် ၃-၄-၂-၁ ကစားကွက်ကိုပင် အသုံးပြုခဲ့ပြီး နည်းဗျူဟာပိုင်းနှင့် ကြံ့ခိုင်မှုပိုင်းအပါအဝင် မိမိလိုချင်သည့်အရာများအတွက် အချိန်လိုအပ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

“ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေးအရတော့ ဒီအသင်းမှာ တိုးတက်လာနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ ကစားသမားတစ်ဦးချင်းစီအလိုက်ပေါ့။ ကျွန်တော်တို့ နည်းနည်းစိတ်ရှည်ဖို့တော့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ နည်းဗျူဟာပိုင်း၊ ကြံ့ခိုင်မှုပိုင်းစတဲ့ ကဏ္ဍမျိုးစုံအတွက် အလုပ်တွေလုပ်ဖို့ လိုပါတယ်။ ပြီး တော့ ကစားသမားတွေဘက်က ကျွန်တော် ဘာလိုချင်လဲဆိုတာ နားလည်ဖို့ လိုပါတယ်။ ကျွန်တော်က အလုပ်လုပ်ရမှာကို မကြောက်ပါဘူး။ အလုပ်လုပ်ခြင်းကပဲ အရေးကြီးတဲ့ ပစ်မှတ်တွေဆီ ရောက်နိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့အတွက် အချိန်လိုပါတယ်။ အလုပ်တွေလုပ်ဖို့ အချိန် လိုပါတယ်။ ကျွန်တော်ကြောက်တဲ့ တစ်ခုတည်းသောအရာက အဲဒါပါပဲ။ အလုပ်လုပ်ဖို့ အချိန်ရချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသင်းနဲ့ ကျွန်တော် အလုပ်တွေအတူတူလုပ်ဖို့၊ ကျွန်တော့်ရဲ့ နည်းဗျူဟာပိုင်းအယူအဆတွေ သင်ပြပေးဖို့၊ ကြံ့ခိုင်မှုကောင်းမွန်ဖို့၊ သူတို့အကြောင်းကို အခုထက်ပိုပြီး ကောင်းကောင်းသိရဖို့ပါ” ဟု ၎င်းက ဆိုသည်။
စပါးအသင်းသည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲအဖြစ် ယနေ့တွင် အဲဗာတန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။