ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရုပ်သံဝင်ငွေမှာ လာမည့် (၃)နှစ်တာကာလတွင် ပေါင်(၁၀)ဘီလီယံအထိ ရရှိလာ ဖွယ်ရှိနေပြီး ပြည်ပရုပ်သံဝင်ငွေက ပြည်တွင်းရုပ်သံဝင်ငွေထက် ပိုမြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။
ပရီးမီးယားလိဂ်သည် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အ ထိ (၃)နှစ်တာကာလအတွက် ရုပ်သံဝင်ငွေ ပေါင် (၉)ဘီ လီယံကျော်ရရှိခဲ့ပြီး လာမည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အ ထိ (၃)နှစ်တာကာလ၌ စံချိန်သစ်အဖြစ် ပေါင်(၁၀) ဘီလီယံအထိရရှိရန် နီးစပ်နေခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်သည် ၂၀၂၂ ခုနှစ်မှ နောက်ပိုင်းကာလအတွက် စာချုပ်သစ်များ ချုပ်ဆိုရန် စီစဉ်နေရာတွင် အမေရိကန်စျေးကွက်မှ (၆)နှစ်စာအတွက် ပေါင်(၁)ဘီလီယံကျော်ရရှိရန် နီးစပ်နေ ခြင်းကြောင့် ယခုကဲ့သို့ စံချိန်သစ်ဖြစ်လာရန် အလားအလာ များနေခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် ဘောလုံးပရိသတ်များ တိုးပွားလျက်ရှိသောကြောင့် ပရီးမီးယားလိဂ် ရုပ်သံထုတ်လွှင့်ခွင့်ကို လက်ရှိရယူထားသည့် NBC ကုမ္ပဏီနှင့် အပြိုင်လုလိုသည့် ရုပ်သံကုမ္ပဏီိများ ရှိလာခဲ့သည်။ NBC သည် အမေရိကန်နိုင်ငံ၌ ပရီးမီးယားလိဂ်ရုပ်သံထုတ်လွှင့်မှုကို ၂၀၁၃ ခုနှစ်တွင် စတင်ရယူခဲ့ ပြီး ပထမဆုံး(၃)ရာသီစာအတွက် စာချုပ်တန်ဖိုးမှာ ပေါင် သန်း(၁၈၀)သာရှိခဲ့သည်။
၂၀၁၆ မှ ၂၀၂၂ ခုနှစ်အထိ (၆)ရာသီစာအတွက် ပေါင်သန်း(၇၄၀)ဖြင့် ဆက်လက်ရယူခဲ့ပြီး လာမည့်(၆)ရာသီစာအတွက် တန်ဖိုးမှာ ပေါင်(၁)ဘီလီယံကျော်ရှိလာလိမ့်မည်ဟု Mirror က ခန့်မှန်းဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ၌ အခြားဘောလုံးပွဲများကို ပြသနေသော ESPN နှင့် CBS ကုမ္ပဏီတို့က အပြိုင်ရယူရန် ကြိုးပမ်းလာသည့်အတွက် NBC အနေဖြင့် စာချုပ်သစ်ကို မြင့်မားသည့်တန်ဖိုးနှုန်းထားဖြင့် ချုပ်ဆိုရန် စီစဉ်လာရခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ပရီးမီးယားလိဂ်၏ ရုပ်သံထုတ်လွှင့်မှုစာချုပ်သစ်မှာ နိုင်ငံတိုင်းတွင်လည်း တန်ဖိုးမြင့်တက်လျက်ရှိပြီး ပျမ်းမျှခြင်းအားဖြင့် မူလစာချုပ်တန်ဖိုးထက် (၂၀%)ဝန်း ကျင် မြင့်တက်လာမည်ဖြစ်ကြောင်း သိရသည်။ လာမည့် (၃)ရာသီစာအတွက် ပြည်တွင်းရုပ်သံထုတ်လွှင့်ခွင့်ကိုမူ Sky Sports၊ BT၊ Amazon နှင့် BBC တို့က စုစုပေါင်း ပေါင်(၅)ဘီလီယံဖြင့် ရယူထားပြီး ပြည်ပရုပ်သံဝင်ငွေမှာ ယင်းပမာဏထက် ကျော်လွန်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ ပြည်တွင်းမှ ပြည်ပမှ ရုပ်သံဝင်ငွေ ပိုမိုရရှိခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လာမည်ဟုလည်း သိရသည်။