PSG အသင်း၏ ပြင်သစ်ကြယ်ပွင့်ကစားသမား ဘာပေသည် တစ်ချိန်က စီရော်နယ်လ်ဒိုကို ထာဝရအကောင်းဆုံးကစားသမားဟု ဆိုခဲ့ဖူးသော်လည်း ဘရုဂေးအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင်မူ မက်ဆီကို အကောင်းဆုံးကစားသမား ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘာပေက “မက်ဆီနဲ့ တွဲကစားရတာ အရမ်းလွယ်ကူပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Ballon d’Or ကို သူ ရယူခဲ့ပါတယ်။ ဒီနေ့လည်း သူ (၂)ဂိုးသွင်းခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ ပျော်ရွှင်နေပုံပေါ်ပြီး ကျွန်တော်တို့အသင်းရဲ့အနာဂတ်မှာ သူ ပိုပြီးကူညီပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ဆိုခဲ့သည်။

သို့ရာတွင် ဘာပေသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စပိန်သတင်းစာတစ်စောင်ဖြစ်သည့် Marca နှင့် အင်တာဗျူးပြုလုပ်ခဲ့ရာတွင် သူသည် တစ်နှစ်ပြီးတစ်နှစ် ကြာလာသည်နှင့်အမျှ စီရော်နယ်လ်ဒိုကို မက်ဆီထက် ပိုကောင်းသည်ဟု ထင်လာကြောင်း ပြောခဲ့ဖူးသည်။
ထိုအချိန်ကမူ “တစ်နှစ်ပြီးတစ်နှစ် ပြောင်းလာတာနဲ့အမျှ မက်ဆီနဲ့ စီရော်နယ်လ်ဒို ဘယ်သူ ပိုကောင်းသလဲဆိုတဲ့ အမြင်က ပြောင်းလဲလာပါတယ်။ စီရော်နယ်လ်ဒိုက မက်ဆီထက် ပိုကောင်းတယ်လို့ ကျွန်တော်ထင်ပြီး သူက ကျွန်တော့်ရဲ့ ငယ်ဘဝဟီးရိုးလည်း ဖြစ်ပါတယ်”ဟု ဆိုခဲ့ခြင်းဖြစ်သည်။