ဘာစီလိုနာအသင်းမှ စပိန်ဆယ်ကျော်သက်ကွင်းလယ်ကစားသမား ဂါဘီသည် ၂၀၂၂ ခုနှစ်အတွက် Golden Boy ဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆုအဖြစ် ထင်ရှားသည့် Golden Boy ဆုကို အီတလီအားကစားသတင်းစာ Tuttosport က ၂၀၀၃ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ပြီး လက်ရှိအချိန်တွင်မူ ဥရောပထိပ်တန်းသတင်းစာများလည်း ပူးပေါင်းပါဝင်ကာ မဲပေးရွေးချယ်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိ ရသည်။
ယခုဆုအတွက် ရွေးချယ်ခံရရန် အကျုံးဝင်သူမှာ အသက် ၂၁ နှစ်အောက် ကစားသမားဖြစ်ပြီး ဥရောပနိုင်ငံများမှ အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲများတွင် ပါဝင်ကစားနေသူဖြစ်ရမည်ဖြစ်သည်။ ယခုနှစ်အတွက် ပေးအပ်ခဲ့သည့် Golden Boy ဆုမှာ အကြိမ် ၂၀ မြောက်ဖြစ်ပြီး မနေ့ကရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်ခါ ဂါဘီသည် ယင်းဆုကို ရရှိသည့် ၂၀ ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဂါဘီသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာ သီတွင် ဘာစီလိုနာအသင်း၏ အဓိကကစား သမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၇ ပွဲအထိ ကစားခဲ့သည်။ ထို့ကြောင့် ဂါဘီသည် Golden Boy ဆုကို ဒေါ့မွန်လူငယ်ကွင်းလယ် ကစားသမား ဘယ်လင်ဟမ်၊ ရီးယဲလ်လူငယ် ကွင်းလယ်ကစားသမား ကာမာဗင်ဂါ၊ ဘိုင်ယန်မြူးနစ်လူငယ်ကွင်းလယ်ကစားသမား မူဆီယာလာတို့ကို ကျော်ကာ ရရှိခဲ့ခြင်းဖြစ်သည်။
Golden Boy ဆုရရှိခြင်းနှင့်ပတ်သက်ပြီး ဂါဘီက “Tuttosport ကို ကျေးဇူးတင် ကြောင်း ပြောကြားလိုပါတယ်။ ပြီးတော့ ဆိုးရွားတဲ့အချိန်တွေမှာရော၊ ကောင်းတဲ့အချိန်တွေမှာ ကျွန်တော်နဲ့အတူ ရှိနေခဲ့တဲ့ မိသားစုကို ကျေးဇူးတင်ပါတယ်။ ဘာစီလိုနာအသင်း၊ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့မရှိဘဲ အခုလိုဖြစ်လာမှာ မဟုတ်ပါဘူး။ လူငယ်ကစားသမားတိုင်း လိုချင်တဲ့ဒီဆုကို ရရှိခဲ့တာဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပါပဲ” ဟု ပြောကြားခဲ့သည်။
ဂါဘီသည် Golden Boy ဆုမတိုင်မီFrance Football မဂ္ဂဇင်းက ချီးမြှင့်ခဲ့သည့် အကောင်းဆုံးလူငယ်ကစားသမားဆု(Kopa Trophy) ကိုလည်း ရရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ချီးမြှင့်ခဲ့သည့် Kopa Trophy နှင့် Golden Boy ဆုများကို ဘာစီလိုနာလူ ငယ်ကွင်းလယ်ကစားသမား ပတ်ဒရီက ရရှိခဲ့ရာ ဘာစီလိုနာလူငယ်ကစားသမားများက ယင်းဆုများကို နှစ်နှစ်ဆက်တိုက် ရယူနိုင်ခဲ့ ခြင်းလည်းဖြစ်သည်။
ဂါဘီအနေဖြင့် အဆိုပါဆုနှစ်ဆုစလုံးကို ဘယ်လင်ဟမ်၊ မူဆီယာလာတို့လို ခြေစွမ်းပြနေသည့် လူငယ်ကစားသမားများကို ကျော်ဖြတ်ကာ ရရှိခဲ့သည့်အတွက် ထိုက်တန်မှုမရှိဟု ဝေဖန်မှုများလည်းရှိနေကြောင်း သိရှိရသည်။