စီရော်နယ်လ်ဒိုကို ၁၉၈၅၊ ဖေဖော်ဝါရီ (၅) ရက်နေ့မှာမွေးတယ်။ မွေးတဲ့နေရာက ဆော်ပတ်ဒရိုဖြစ်ပြီး ကြီးပြင်းလာတဲ့ နေရာက ဆန်အန်တိုနီယိုဖြစ်တယ်။ ရော်နယ်လ်ဒိုက အခုတော့ မာဒေးရားရဲ့ကျက်သရေဆောင်ဖြစ်နေပြီ။ မာဒေးရားကို လာရောက်လည်ပတ်ခဲ့ကြဖူးပြီး၊ မာဒေးရားသားတွေ အမြဲဂုဏ်ယူလေ့ရှိတာက သူတို့ကျွန်းကို လာခဲ့ဖူးတဲ့ဧည့်သည်တွေအကြောင်းပါ။ ဗြိတိန်နန်းရင်းဝန်ဟောင်း ဝင်စတန်ချာချီ၊ သြစတြီးယားဘုရင်မ ဆစ်ဆီ၊ ဂျော့ချ်ဘားနက်ရှော၊ ခရစ္စတိုဖာကိုလံဘတ်စ်၊ နပိုလီယန်ဘိုနာပတ်တို့ဟာ မာဒေးရားကို ကမ္ဘာသိစေခဲ့သူတွေဖြစ်တယ်။ အခုတော့ သူတို့မှာကိုယ်ပိုင်ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တစ်ဦး ရှိနေပြီ။ ခရစ္စတီယာနိုရော်နယ်လ်ဒိုဖြစ်တယ်။ မာဒေးရားကို လာရောက်လည်ပတ်တဲ့သူတွေက စီရော်နယ်လ်ဒို နေခဲ့တဲ့အိမ်၊ ကစားခဲ့တဲ့ ဘောလုံးကွင်း၊ တက်ခဲ့တဲ့ကျောင်း၊ ငယ်ဘဝကျင်လည်ကျက်စားရာ နေရာတွေကို လိုက်ပြခိုင်းလေ့လည်းရှိတယ်။ ရော်နယ်လ်ဒိုရဲ့အမေ ဒိုလိုရက်စ်က စားဖိုမှူး။ ခပ်သေးသေးစားသောက်ဆိုင်လေး တစ်ခုက ဝင်ငွေနည်းတဲ့ စားဖိုမှူးဆိုရင် ပိုမှန်မယ်။ အဖေဖြစ်တဲ့ ဒန်းနစ်က အရက်သမား၊ ဒါပေမဲ့ အရက်သမားဆိုပေမဲ့ အရပ်စကားပြောရရင် လေကြီးလေကျယ် အရက်သမား၊ စာဖတ်တယ်၊ နိုင်ငံတရာရေးရာ စိတ်ဝင်စားတယ်။ အလုပ်အတွက်တော့ လက်ကြောမတင်းသူဖြစ်တယ်။