၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးမည့်စာချုပ်ကို သက်တမ်းတိုးမည်မဟုတ်ဟု တိုက်စစ်မှူး ဘာပေကအသင်းထံ အသိပေးခဲ့ပြီးနောက် ၎င်းအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်မလွှတ်ရစေရေးအတွက် ယခုနွေရာသီစျေးကွက်တွင် ရောင်းချသွားရန် PSG အသင်း ပြင်ဆင်နေကြောင်း BBC Sport က ဖော်ပြခဲ့သည်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး၏စာချုပ်မှာ လာမည့်ရာသီအကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့် ရှိသည့်အချက် ပါဝင်သော်လည်း ဘာပေက စာချုပ်သစ်မချုပ်ဆိုရန် ဆုံးဖြတ်ခဲ့သည်။ ဘာပေအနေဖြင့် လက်ရှိချုပ်ဆိုထားသည့်စာချုပ်ကို တစ်နှစ်သက်တမ်းတိုးမည်ဆိုလျှင် ဇူလိုင်လ ၃၁ ရက် အကြောင်းကြားရမည့်အချက် ပါဝင်ကြောင်း သိရသည်။
ဘာပေသည် PSG အသင်းနှင့် လများစွာဆွေးနွေးပြီးနောက် စာချုပ်သက်တမ်းတိုးမည်မဟုတ်ဟု ရေးသားထားသည့်စာကို အသင်းထံပေးပို့ခဲ့သည်။ PSG အသင်းသည် ထိပ်တန်းကစားသမားများကို အတိုင်းအဆမရှိ နှစ်များစွာခေါ်ယူပြီးနောက် လက်ရှိတွင် အသင်းမူဝါဒကို ပြောင်းလဲလာသောကြောင့် ဘာပေကို ပြောင်းရွှေ့ကြေးဖြင့်သာ လက်လွှတ်ဖွယ်ရှိနေသည်။ ထို့ပြင် ဘာပေ စာချုပ်သက်တမ်းမတိုးမည့်စာမှာ အသင်းမှ မသိရှိမီ မီဒီယာများတွင် ပေါက်ကြားခဲ့ခြင်းကြောင့် PSG အသင်းက ဒေါသထွက်နေကြောင်း သိရသည်။

ဘာပေ၏အနာဂတ် မတည်မငြိမ်ဖြစ်လာပြီးနောက် နောက်ကစားမည့်ကလပ် ရေပန်းစားမှုတွင် ရီးယဲလ်မက်ဒရစ်အသင်းက ထိပ်ဆုံးမှ အပြတ်အသတ်ရေပန်းစားလျက်ရှိသည်။ ရီးယဲလ်အသင်း သည် ဘာပေကို ကာလကြာရှည် စိတ်ဝင်စားခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဘာနေဗျူးသို့ ပြောင်းရွှေ့ခွင့်ကို ငြင်းပယ်ကာ PSG အသင်းတွင် ဆက်ရှိနေခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ၀ါရင့်တိုက်စစ်မှူး ဘန်ဇီမာကို လက်လွှတ်လိုက်ရပြီးနောက် တိုက်စစ်မှူးတစ်ဦး ပြန်လည်အစားထိုးရန် လိုအပ်လျက်ရှိပြီး လက်ရှိတွင် ဟာရီကိန်းက ရေပန်းအစားဆုံးဖြစ်နေသည်။
ဘာပေ ရောက်ရှိနိုင်သည့်ကလပ်များ ရေပန်းစားမှု
အသင်း အလေးပေးချက်
ရီးယဲလ်မက်ဒရစ် ၁၁း၁၀ လေး
မန်ယူ ၈း၁ လေး
မန်စီးတီး ၂ဝး၁ လေး
နယူးကာဆယ် ၂ဝး၁ လေး
လီဗာပူးလ် ၂၂း၁ လေး
ဘိုင်ယန်မြူးနစ် ၂၅း၁ လေး