အာဆင်နယ် အသင်းဟာ သူတို့ရဲ့ နွေရာသီ အဓိက ပစ်မှတ် ဝက်စ်ဟမ်း ကပ္ပတိန် ဒီကလန်ရိုက်စ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရိုက်စ် အတွက် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်း နဲ့ ကမ်းလှမ်း ခဲ့တာ ဖြစ်ကာ ၊ ဝက်စ်ဟမ်း ဘက်က အာဆင်နယ် ရဲ့ ပြောင်းရွှေ့ကြေးကို လက်ခံကြောင်း အသိပေး အကြောင်းကြားပြီး ဖြစ်ပါတယ် ။
နှစ်သင်းကြား အသေးစိတ် ဆွေးနွေး ညှိနှိုင်းစရာလေးတွေ သဘောတူညီမှု ရတာနဲ့ အပြောင်းအရွှေ့ကို အပြီးသတ် နိုင်တော့မှာပါ ။ ရိုက်စ် အာဆင်နယ် အသင်းမှာ ကျောနံပါတ် ဘယ်လောက် ဝတ်မှာလဲ သိချင်နေကြသူတွေလည်း ရှိတာကြောင့် ဖြစ်နိုင်ချေ များတဲ့ နံပါတ်တွေကို သုံးသပ် ဖော်ပြ ပေးလိုက်ပါတယ် ။
ရိုက်စ် ဟာ အာဆင်နယ် အသင်း ဒီနှစ် နွေရာသီ မှာ ပထမဆုံး ခေါ်ယူ ခဲ့တဲ့ ကိုင်ဟာဗက်ဇ် လိုပဲ ကလပ် ကစားသမား ဘဝ မှာ ကျောနံပါတ် ၁ ခုတည်းကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင် ကစားခဲ့သူပါ ။ ရိုက်စ် ဟာ အင်္ဂလန် အသင်းမှာ ကျောနံပါတ် ၄ ကို ဝတ်ဆင် ကစားနေပေမယ့် ဝက်စ်ဟမ်းမှာတော့ ကျောနံပါတ် ၄၁ ကို ဝတ်ဆင် ကစားတာ ဖြစ်ပါတယ် ။

ရိုက်စ် ဟာ ဝက်စ်ဟမ်း အသင်းကြီးမှာ စတင် ကစားခွင့် ရကတည်းက ကျောနံပါတ် ၄၁ ကို ဝတ်ဆင် ကစားခဲ့တာပါ ၊ ရိုက်စ် ရဲ့ ကျောနံပါတ် ၄၁ ဟာ ဝက်စ်ဟမ်း အသင်းရဲ့ လူငယ် ကစားသမားတွေ အပေါ် လွှမ်းမိုးမှုလည်း ကြီးမားခဲ့ပြီး အမျိုးသမီး လူငယ် ကြယ်ပွင့် Keira Flannery ဆို ရိုက်စ် ကို အတုယူ အားကျတာကြောင့် ကျောနံပါတ် ၄၁ ကိုရွေးချယ် ဝတ်ဆင် ကစားခဲ့ပါတယ် ။
ရိုက်စ် ကတော့ သူ ကျောနံပါတ် ၄၁ တခုတည်းကို တောက်လျှောက် ဝတ်ဆင် ကစားခဲ့တာ နဲ့ ပတ်သက်ပြီး ” ယူ ၂၃ အသင်းမှာ ကစားနေတဲ့ အချိန် အသင်းကြီး လူစာရင်း မှာ ပါဝင် ရမယ်ဆိုရင် ကျနော်တို့ အနေနဲ့ နံပါတ် အမြင့်တွေပဲ ရွေးလို့ ရပါတယ် ။ ဝက်စ်ဟမ်း အသင်းကြီးနဲ့ အတူ Seattle ကို ပထမဆုံး အကြိမ် သွားကစားရတဲ့ ပွဲမှာ နံပါတ် ၄၁ ကို ကျနော် ဝတ်ဆင်ခွင့် ရခဲ့ပါတယ် ၊ အဲ့ကတည်းက ဝတ်လာတာ ခုချိန်ထိပဲ ဆိုပါတော့ဗျာ ။ ”

ဒါ့အပြင် ရိုက်စ် က နဗီးလ် နဲ့ အင်တာဗျူး တခုမှာလည်း ” အရိုးသားဆုံး ပြောရရင် ကျနော့်ရဲ့ ကျောနံပါတ် အကြောင်း နဲ့ ပတ်သက်ပြီး အဖေ နဲ့ ကျကျနန စကားပြောခဲ့ဖူးပါတယ် ။ ကျနော် ကတော့ ကစားသမား ဘဝမှာ ဘာတွေပဲ ဆက်ဖြစ်လာ ဖြစ်လာ နံပါတ် ၄၁ ကိုပဲ ဆက်ဝတ်သွားဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ဖူးပါတယ် ။
အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၄၁ ကိုတော့ မနှစ်က အကယ်ဒမီထွက် Mauro Bandiera ဝတ်ဆင်ခဲ့ဖူးပြီး ရိုက်စ် နံပါတ် ၄၁ ကို လိုချင်တယ်ဆိုရင်တော့ အာဆင်နယ် ဘက်က လိုက်လျော ပေးသွားဖို့ ရှိပါတယ် ။ ဒါကြောင့် ရိုက်စ် ရဲ့ အာဆင်နယ် ကျောနံပါတ် ဟာ ၄၁ ပဲ ဖြစ်ဖို့ ရာခိုင်နှုန်း များနေပါတယ် ။ ၄၁ မဟုတ်ရင်တော့ အသင်းကနေ ထွက်ခွာသွားပြီး ဒါမှမဟုတ် ထွက်ခွာဖွယ် ရှိနေတဲ့ နိုင်းလ်စ် ၊ ပါတေး ၊ လိုကွန်ဂါ တို့ရဲ့ ကျောနံပါတ် ၁၅ ၊ ၅ ၊ ၂၃ တို့ကို ဝတ်ဆင် သွားဖွယ် ရှိနေပါတယ် ။