ဇူလိုင်လ(၂၁)ရက်က မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနှင့် မက်ဆီပွဲထွက်ကစားပြီးနောက် NBA ဘက်စကတ်ဘောအကျော် အမော်လီဘရွန်ဂျိမ်းစ်က Instagram စာမျက်နှာတွင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ရေးသားခဲ့သည်။
“ကြိုဆိုပါတယ် ညီအစ်ကိုရေ၊ ဂုဏ်သတင်းကြီးမြင့်သူတွေ ရှိနေပြီး မြင်တွေ့နေရတာကိုက အမြဲတမ်းကောင်းပါတယ်”ဟု လီဘရွန်ဂျိမ်းစ် က ပြောကြားခဲ့သည်။
မက်ဆီသည် အသင်းသစ်အတွက် ပထမဆုံး ပါဝင်ကစားသည့်ပွဲတွင် လူစားဝင်လာပြီးနောက် အဖိုးတန်အနိုင်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပို၌ ပြစ်ဒဏ်ဘောမှတစ်ဆင့် ကန်သွင်းယူပေးခဲ့ကြောင်း သိရသည်။
၂၀၂၃ MLS Leagues Cup ပွဲစဉ်အဖြစ် အင်တာမိုင်ယာမီအသင်း နှင့် မက္ကဆီကိုကလပ် ခရုဇ်အဇူလ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် မက်ဆီသွင်းယူသည့်ဂိုးနှင့်အတူ အင်တာမိုင်ယာမီ အသင်းက အိမ်ရှင်ပရိသတ်ရှေ့၌ (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။ (၅၄)မိနစ်တွင် မက်ဆီနှင့် ဘူးစကွက်စ်တို့ တစ်ပြိုင်တည်း လူစားလဲဝင်ရောက်ကစားခဲ့ကြပြီး နာကျင်အချိန်ပို (၉၀+၄) မိနစ်တွင် မက်ဆီက (၂၅)ကိုက်အကွာမှရရှိသည့် ပြစ်ဒဏ်ဘောအား တိုက်ရိုက်ကန်သွင်းယူခဲ့သည်။

ယခုပွဲရလဒ်မှာ ပြိုင်ပွဲစုံ (၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသည့် အင်တာမိုင်ယာမီအသင်းအတွက် ဇွန်လနောက်ပိုင်း ပထမဆုံးနိုင်ပွဲရရှိခြင်းဖြစ်သလို၊ နည်းပြသစ် မာတီနိုလက်ထက် ဒုတိယမြောက်ပွဲတွင် နိုင်ပွဲစတင်ရရှိခဲ့သည်။
ယင်းပွဲစဉ်ကို အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်နှင့် မိသားစုဝင်များအပြင် အားကစား လောကသာမက နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများ ကွင်းအတွင်း ကြည့်ရှုခဲ့ကြသည်။
