ချစ်သူဟောင်းအား ရိုက်နှက်ခဲ့သည်ဆိုသော စွပ်စွဲမှုဖြင့် ရဲများ၏စစ်ဆေးခြင်းကို ခံနေရသည့် မန်ယူတောင်ပံကစားသမား အန်တိုနီအား ဘရာဇီးလ်မှ အမျိုးသမီးနှစ်ဦးက အန်တိုနီသည် ၎င်းတို့ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟု ထပ်မံစွပ်စွဲခဲ့ကြကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင်တောင်ပံကစားသမား အန်တိုနီသည် လက်ရှိတွင် ၎င်း၏ချစ်သူဟောင်းဖြစ်သည့် ကာဗယ်လင်ဆိုသူအား လေးကြိမ်တိုင် ရိုက်နှက်ခဲ့သည်ဆိုသော စွပ်စွဲမှုဖြင့် ဆော်ပေါ်လိုနှင့် မန်ချက်စတာရဲများ၏ စစ်ဆေး ခြင်းကို ခံနေရသူဖြစ်သည်။
အန်တိုနီကမူ ၎င်းအနေဖြင့် ယင်းစွပ်စွဲမှုများကို ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ထားသော်လည်း ဘရာဇီးလ်မှ အမျိုးသမီးနှစ်ဦးက အန်တိုနီအနေဖြင့် ၎င်းတို့ကိုပါ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း ထပ်မံစွပ်စွဲကြခြင်း ဖြစ်သည်။ အန်တိုနီအား ထပ်မံစွပ်စွဲခဲ့သူများမှာ ဥပဒေပညာသင်ယူနေသည့် ဒီဖရီတက်စ်နှင့် ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သည့် အိန်ဂရစ်ဒ်လာနာတို့ဖြစ်သည်။

ဒီဖရီတက်စ်ဆိုသူက ၎င်းသည် ၂၀၂၂ မေလတွင် အန်တိုနီနှင့် ဘရာဇီးလ်ကစားသမားဟောင်း ဒူဒူ၏ဇနီးသည်ဟောင်း မယ်လူအိုဟာနာတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းအဖြစ်အပျက်မှာ ဆော် ပေါ်လိုမြို့ရှိ နိုက်ကလပ်တွင် ပျော်ပါးပြီးနောက် အန်တိုနီ၏ Land Rover ကားကို သုံးယောက်အတူစီးပြီး ပြန်လာပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒီဖရီတက်စ်က ပြောကြားခဲ့သည်။
အသက် ၃၃ နှစ်အရွယ်ရှိ ဘဏ်ဝန်ထမ်းဖြစ်သူ အိန်ဂရစ်ဒ်လာနာက အန်တိုနီသည် ၂၀၂၂ အောက်တိုဘာလက မိမိအား အကြမ်းပတမ်း လိင်ပိုင်းစော်ကားရန် ကြိုးပမ်းခဲ့ကြောင်း ဘရာဇီးလ်ရုပ်သံ Record TV နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အိန်ဂရစ်ဒ်လာနာက “အန်တိုနီက ကျွန်မရဲ့ဆန္ဒမပါဘဲ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့တာပါ။ သူဟာ ကျွန်မကို နံရံဆီ ဆောင့်တွန်းခဲ့ပြီး ကျွန်မရဲ့ဦးခေါင်းနဲ့ နံရံ ရိုက်မိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

အန်တိုနီအနေဖြင့် ချစ်သူဟောင်း၏ စွပ်စွဲမှုကြောင့် စစ်ဆေးခံနေရချိန်တွင် ယခုကဲ့သို့ စွပ်စွဲမှုများ ထပ်မံပေါ်ပေါက်လာခြင်းကြောင့် အခက်တွေ့နေရဖွယ်ရှိနေသည်။ အန်တိုနီသည် ချစ်သူဟောင်းဖြစ်သူ ကာဗယ်လင်၏ စွပ်စွဲမှုကြောင့် ဘရာဇီးလ်လက်ရွေး စင်အသင်းလူစာရင်းမှ ထုတ်ပယ်ခံခဲ့ရပြီး မန်ယူအသင်းကလည်း ၎င်း၏ပြဿနာကို အလေးထားစောင့်ကြည့်နေကြောင်း ထုတ်ပြန်ခဲ့သည်။ မန်ယူအသင်းအနေဖြင့် ချစ်သူဟောင်းအား ကိုယ်ထိလက်ရောက် နှိပ်စက်မှုဖြင့် တရားရင်ဆိုင်ခဲ့ရသည့် အသင်းတိုက် စစ်မှူး ဂရင်းဝုဒ်ပြဿနာပြီးနောက် ယခုအခါ ယင်းကဲ့သို့ ပြဿနာမျိုးကို ထပ်မံရင်ဆိုင်နေရခြင်းဖြစ်သည်။
မန်ယူအသင်းသည် ဂရင်းဝုဒ် တရားရင်ဆိုင်စဉ်က ၎င်းအား ပွဲကစားခွင့်ပိတ်ပင်ခဲ့သော်လည်း လက်ရှိ အန်တိုနီ၏ပြဿနာတွင်မူ ရဲများ၏ စုံစမ်းစစ်ဆေးမှုကို အလေးထားစောင့်ကြည့်နေကြောင်း သိရှိရသည်။ မန်ယူအသင်းအားပေးသူအချို့ကမူ ယခုကဲ့သို့ စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည့် အန်တိုနီအား နောက်ကြောင်းကို သေချာမစုံစမ်းဘဲ ခေါ်ယူခဲ့သည့် မန်ယူအသင်းကို အပြစ်တင်နေကြကြောင်း သိရှိရသည်။