လီဗာပူးလ်နှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်က လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာသာ ဆော်ဒီသို့ပြောင်းရွှေ့ကစားလိုသည်ဟု တောင်းဆိုလာပါက အသင်းပရိသတ်များအနေဖြင့် ၎င်းကိုမငြိုငြင်ဘဲ ခွင့်ပြုသင့်ကြောင်း ပြောကြားခဲ့သည်။
ဘန်ဇီမာ၊ ကွန်တေနှင့် ဖာဘင်ညိုတို့ ကို ခေါ်ယူထားသည့် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဆာလာအား ကမ္ဘာ့စံချိန်တင်ပြောင်း ရွှေ့ကြေး ပေါင် ၂၁၅ သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ သို့သော် လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ဆာလာအား ရောင်းချလိုခြင်း မရှိသည့်အတွက် အယ်လ်အစ်တီဟတ်အသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရှိရသည်။
သို့သော် အယ်လ်အစ်တီဟတ် အသင်းသည် ဆာလာအား ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့မည်မဟုတ်ဘဲ လာမည့် ဇန်နဝါရီ သို့မဟုတ် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ထပ်မံကြိုးပမ်းလာမည်ဖြစ်ကြောင်း သိရသည်။ အသက် ၃၁ နှစ်အရွယ်ရှိ အီဂျစ်လက် ရွေးစင်အသင်းခေါင်းဆောင် ဆာလာသည် လီဗာပူးလ်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။
ပီတာခရော့ချ်က ဆာလာအား လီဗာပူးလ်အသင်းတွင် အချိန်ကြာမြင့်စွာ ကစားစေလိုသော်လည်း ဆာလာသာ ဆော်ဒီသို့ ပြောင်းရွှေ့ရန် တောင်းဆိုပါလာပါက လီဗာပူးလ်ပရိသတ်များအနေဖြင့် မငြိုမငြင် ခွင့်ပြုသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပီတာ ခရော့ချ်က “တကယ်လို့ ဆာလာသာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ကစားမယ်လို့ တောင်းဆိုလာတယ်ဆိုရင် ကျွန်တော်တို့ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ သူ့ကို မငြိုငြင်ဘဲ ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။ လီဗာပူးလ်အတွက် သူ လုပ်ပေးပြီးသွားပါပြီ။ သူဟာ လီဗာပူးလ်သမိုင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံးသွင်းယူထားသူဖြစ်တယ်။ ပြီးတော့ လီဗာပူးလ်နဲ့အတူ သူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကလည်း အံ့မခန်းပါပဲ။ အခုလည်း သူ့ အနေနဲ့ အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆက်လက်ရယူဖို့ ကြိုးစားနေပါတယ်။ လီဗာပူးလ်ပရိသတ်တစ်ယောက်အနေနဲ့ ဆာလာကို အသင်းမှာ ကြာနိုင်သလောက် ကြာကြာ ရှိနေစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆာလာဟာ အခုအချိန်ထိ ခြေစွမ်းကျဆင်းတဲ့ အရိပ်အယောင် မရှိသေးပါဘူး”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပီတာခရော့ချ်က ဆာလာအနေဖြင့် ကစားသမားဘဝမှ အနားယူခါနီးတွင် ဆော်ဒီသို့ ပြောင်းရွှေ့ကစားခြင်းဖြင့် ငွေကြေးအကျိုးအမြတ်များစွာ ရရှိမည်ဖြစ်သလို လီဗာပူးလ်အသင်းအနေဖြင့် ဆာလာအတွက် ပြောင်းရွှေ့ကြေးများစွာ ရရှိနိုင်သည့် အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိကြောင်းလည်း ပြောကြားခဲ့သည်။

“နောက်နှစ်မှာ ဆော်ဒီက ဆာလာကို ကြေးကြီးကြီးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် လီဗာပူးလ်အသင်းအနေနဲ့လည်း လက်ခံမယ်လို့ ထင်ပါတယ်။ ဆော်ဒီကို ပြောင်းရွှေ့ကစားမယ်ဆိုရင် ဆာလာအနေနဲ့လည်း ငွေကြေးအကျိုးအမြတ်များစွာ ရရှိမှာပါ။ ဆာလာဟာ အသက် ၃၁ နှစ်ကျော်ပြီဖြစ်ပြီး လီဗာပူးလ်နဲ့ အောင်မြင်မှုတွေအားလုံးရပြီးပါပြီ။ ဒီတော့ ဆာလာအနေနဲ့ ကစားသမားဘဝက အနားယူခါနီးမှာ ငွေကြေးအတွက် ကစားရတာဟာ ဖြစ်သင့်ပါတယ်”ဟု ပီတာခရော့ချ်က ဆက်လက်ပြောကြားခဲ့သည်။
ဆာလာသည် ၂၀၁၇ တွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းထံ Add-ons ကြေးများ အပါအဝင် ပေါင် ၄၃ သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် လီဗာပူးလ်အတွက် ခုနစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၃၀၉ ပွဲတွင် ၁၈၈ ဂိုး သွင်းယူထားသည်။ ဆာလာသည် လီဗာပူးလ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ လိဂ်ဖလား၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားနှင့် ကွန်မြူနတီဒိုင်းတို့ ရယူထားသည်။