ပရီးမီးယားလိဂ် ရာသီသစ် စတင်ချိန်တွင် COVID-19 ရောဂါ Positive တွေ့ရှိမှု မြင့်တက်လာ သဖြင့် ကစားသမားများ ကာကွယ်ဆေးထိုးနှံရန် ဂွါဒီယိုလာအပါအဝင် နည်းပြများက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ရာသီ ပရီးမီး ယားလိဂ်ပြိုင်ပွဲ စတင်ချိန်တွင် COVID-19 Positive တွေ့ရှိမှု မြင့် တက်လာပြီး ပြီးခဲ့သည့်တစ်ပတ် တနင်္လာနေ့က ၁၁ ဦး Positive တွေ့ ရှိခဲ့သည်။ သို့ဖြစ်ရာ မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာ၊ အာဆင်နယ် အသင်းနည်းပြ အာတီတာ၊ စပါး အသင်းနည်းပြ နူနို၊ နယူးကာဆယ် အသင်းနည်းပြ စတိဗ်ဘရုစ်၊ ဘရိုက်တန်အသင်းနည်းပြ ဂရေဟမ်ပေါ်တာတို့က ကာကွယ်ဆေးထိုးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဧပြီတွင် COVID-19 ရောဂါကြောင့် မိခင်ဖြစ်သူ ဆုံးပါးခဲ့ရသည့် ဂွါဒီယိုလာက “ဒါက ဆရာဝန်တွေ၊ ဆေးဘက်ဆိုင် ရာတာဝန်ရှိသူတွေ လုပ်နိုင်တဲ့ကိစ္စလို့ ကျွန်တော်ထင်တယ်။ ကစားသမားတွေအနေနဲ့လည်း ဒါဟာ မိမိ ကိုယ်ကိုယ်ကာကွယ်ဖို့၊ မိသားစုနဲ့ လူအဖွဲ့အစည်းအားလုံးကို ကာကွယ်ဖို့ဆိုတာ သိရပါမယ်။ ဒါပေမဲ့ လုပ်ကိုလုပ်ရမယ်လို့တော့ တာဝန်ပေးလို့ မရပါဘူး။ ကာကွယ်ဆေးထိုးခြင်းရဲ့ အကျိုးအပြစ်တွေ၊ ဆေးမထိုးခြင်းရဲ့ အကျိုးအပြစ်တွေကို ရှင်းပြတာက အကောင်းဆုံးနည်းလမ်းပဲလို့ ကျွန်တော်ထင်တယ်။ အဲဒါက သူတို့ကိုယ်တိုင်အတွက်၊ သူတို့မိသားစုတွေ အတွက်၊ ဒီမှာအလုပ်လုပ်နေကြတဲ့ သူအားလုံးနဲ့ လမ်းတွေပေါ်မှာအလုပ် လုပ်နေကြသူတွေအတွက်ဆိုတာ ရှင်းပြရပါမယ်။ အဲဒီလိုရှင်းပြပြီး တော့မှ အားလုံးကို ဆုံးဖြတ်ခိုင်းကြတာပေါ့။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေ၊ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေအားလုံးကတော့ ဒီရောဂါကို အမြစ်ဖြတ်ချေမှုန်းတာ ဒါမှမဟုတ် ကပ်ရောဂါအခြေအနေ ဖြစ်ပွားပြီး နှစ်နှစ်အကြာမှာ ကာကွယ်ဆေးထိုးပြီး ရှေ့ကိုဆက်သွား ဖို့ လုပ်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ပြောထားပါ တယ်။ ကစားသမားတွေအနေနဲ့ အဲဒီအချက်ကို စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်တယ်” ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကလည်း “အများစုက ကာကွယ်ဆေးနှစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်တော့ ထိုးထားပြီးပါပြီ။ ကာကွယ်ဆေးထိုးခြင်းက သူတို့ ကိုယ်တိုင်နဲ့ သူတို့မိသားစုတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာ လက်ခံ လာအောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ တကယ်တော့ ဒါက ပုဂ္ဂိုလ်ရေးကိစ္စပါ။ အဲဒီလိုလုပ်ရင် ဘာကြောင့်ပိုကောင်းတာလဲဆိုတဲ့ အကြောင်းရင်းကို ရှင်းပြပြီးတော့ လမ်းညွှန်မှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ အဆုံးသတ်ကတော့ ကိုယ် ပိုင်ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
ထို့ပြင် စပါးအသင်းနည်းပြ နူနိုက “ကပ်ရောဂါက ကျွန်တော်တို့ နဲ့အတူ ရှိနေဆဲပါ။ ကျွန်တော်တို့ အနေနဲ့ ဒီရောဂါနဲ့အတူ နေထိုင်နိုင် ဖို့ သင်ယူမှုတွေလုပ်ရပါမယ်။ ကိုယ်ပိုင်ရွေးချယ်မှုအားလုံးကို ကျွန်တော် လေးစားမှုရှိပါတယ်။ ကျွန်တော်တို့ အားလုံး တစ်ယောက်ချင်းစီက ဆုံး ဖြတ်မှုတွေ လုပ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ကာကွယ်ဆေးထိုးခြင်းကို ထောက်ခံပါတယ်။ ကစားသမားတွေအားလုံးကိုလည်း ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းသွားမှာပါ။ အဲဒါက ကစားသမားတွေအောင် ပွဲခံတဲ့အခါ လိုချင်တဲ့ လွတ်လပ်မှုကိုလည်း ခွင့်ပြုပေးပါလိမ့်မယ်။ ဆေးထိုးထားလို့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ လုံးဝကင်းလွတ်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အဲဒါက ခင်ဗျားကို ပိုပြီးလုံခြုံစေမှာပါ။ အဲဒါကြောင့် ကျွန်တော်ကတော့ ကာကွယ်ဆေးထိုးခြင်းကို တကယ်ထောက်ခံပါတယ်” ဟု ဆိုသည်။
COVID-19 စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်က ပရီးမီးယားလိဂ်ပြိုင်ပွဲကို မတ်လမှ ဇွန်လအထိ သုံးလကြာ ရပ်နားခဲ့ရသည်။