ဒီနွေမှာ အမေရိက အခြေစိုက် မေဂျာလိဂ် ကလပ် အင်တာ မီယာမီ အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အာဂျင်တီးနား ဂန္တဝင် လီယွန်နယ် မက်ဆီ က PSG အသင်းရဲ့ ကစားကွက််မှာ အံဝင်နိုင်ဖို့ အတော်လေး ခက်ခဲခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
လီယွန်နယ် မက်ဆီဟာ ကတ်တလန်မြေမှာ ဘာစီလိုနာ အသင်းအတွက် 21 နှစ်ကြာ ကစားပေးခဲ့တဲ့နောက် 2021 ခုနှစ်မှာ PSG အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ် ။ သူဟာ PSG နဲ့ အတူ အမှတ်ပေး ဖလား 2 ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။
ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီတုန်းက သွင်းဂိုး 21 ဂိုး ၊ ဖန်တီးမှု အကြိမ် 20 အထိလည်း လုပ်ဆောင်နိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ အခုတော့ မက်ဆီ က သူ့အတွက် ပြင်သစ်မြေမှ ကစားကွက်ထဲ အံဝင်ဖို့ အတော်လေး ခက်ခဲခဲ့ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” အမှန်တရား တစ်ခုကတော့ ကျွန်တော် ဒီမြေမှာ အံဝင်နိုင်ဖို့ ထင်မှတ်ထားခဲ့တာထက် ပိုပြီး ခက်ခဲခဲ့ရတာပါပဲ ။ အဝတ်လဲခန်းထဲက ကစားသမား အချို့နဲ့ ကျွန်တော် ခင်မင်် ရင်းနှီးခဲ့ပေမဲ့ အပြောင်းအလဲ အသစ်တစ်ခုမှာ အံဝင်နိုင်ဖို့တော့ အခက်ကြုံခဲ့ရပါတယ် ”
” ကျွန်တော် အသင်းဆီ နောက်ကျမှ ရောက်ခဲ့ပြီး ရာသီကြို ပွဲစဥ်တွေလည်း မကစားခဲ့ရဘူးလေ ။ အဲ့တာတွေက အသင်းသစ်မှာ အမြန်ဆုံး အံဝင်နိုင်ဖို့ အတွက် တကယ့် အခက်အခဲ တစ်ခုလိုပဲ ဖြစ်စေခဲ့ပါတယ် ”

” အသင်းသစ် ၊ ကစားကွက်သစ် ၊ အသင်းဖော်သစ်တွေနဲ့ အံဝင်နိုင်ဖို့ ၊ ပြီးတော့ မြို့အသစ် တစ်ခုမှာ ကျွန်တော်ရော ကျွန်တော့်ရဲ့ မိသားစုဝင်တွေပါ အသားကျဖို့ ခက်ခဲခဲ့ရပါတယ် ” လို့ မက်ဆီ က ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။
မက်ဆီ PSG မှာ အံဝင်ဖို့ ခက်ခဲခဲ့သလိုမျိုး အမေရိကမှာရော အခက်တွေ့မလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။ လက်ရှိအချိန်မှာတော့ မက်ဆီဟာ အင်တာ မီယာမီ အသင်းအတွက် ကစားခြင်း မရှိသေးပဲ နှုတ်ဆက်ပွဲတွေပဲ ကစားနေခဲ့ပါတယ် ။